ဦးမင်းအောင်တို့ အယူခံ လာမည့် ၂၂ ရက်နေ့ လျှောက်လဲချက် ကြားနာမည်၊ ကိုသန့်ဇင့်ဖြိုး ကျန်းမာရေးမကောင်းဟု သိရ

By Western News/ 2021 October 12

စစ်အာဏာရှင်စနစ် ဆန့်ကျင် ဆန္ဒပြမှုကြောင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ၂လ ချမှတ်ခံခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တောင်ကုတ်မြို့နယ် အမတ်ဟောင်းဦးမင်းအောင်နှင့် ပါတီဝင်ကိုသန့်ဇင့်ဖြိုး တို့၏ အယူခံလွှာအား အောက်တိုဘာ ၂၂ ရက်တွင် လျှောက်လဲချက်ကြားနားမည်ဟု အမှုလိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေများကပြောသည်။

အောက်တိုဘာ ၁၁ ရက်နေ့က သံတွဲခရိုင် တရားရုံးတွင် ဦးမင်းအောင်အတွက် အယူခံအမှု တင်လိုက်ပြီး အောက်တိုဘာ ၂၂ ရက်နေ့တွင် သံတွဲခရိုင်တရားရုံးတွင်လျှောက်လဲချက်ကြားနားမည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဒေါ်သိင်္ဂီမောင်က Western News ကိုပြောသည်။

“အောက်ရုံးမှာ ကျမတို့ဖက်က အောက်တိုဘာ ၁၁ ရက်နေ့က သံတွဲခရိုင်တရားရုံးမှာ အယူခံတင်ခဲ့တယ်။ အောက်ရုံးစီရန်ချက်ထဲမှာ အဓိကတော့ ဦးဆောင်သူအဖြစ်စွပ်စွဲပြီးတော့ ရေးထားတယ်။ စွပ်စွဲပြီးသတ်မှတ်ပြီးတော့ အမိန့်ချထားတယ်။ အဲ့ီအချက်အလက်တွေသည် တရားရုံးမှာ သက်သေထွက်ဆိုတဲ့အထဲမှာ မပေါ်လွင်ဘူး။ ဒီလိုမပေါ်လွင်ဘဲ ထင်ရာကိုတွေးပြီးတော့ အမိန်ံ ချလိုက်ခြင်းအားဖြင့် အမှုသည်တွေမှာ နစ်နာတယ်။ ဒီဥပဒေတွေရဲ့မျှတမှုကို တရားခံတွေက ခံစားလို့မရဘူး။ အဲ့ကြောင့်မို့လို့ တောင်ကုတ်မြို့နယ်တရားရုံးက ချလိုက်တဲ့ စီရင်ချက်ကို ပလပ်ပြီးတော့ တစ်ခြားသက်သာတဲ့အမိန့်တစ်ခု ပေးပါဆိုပြီး ကျမတို့ဖက်က လျှောက်လဲချက်ကြားနားသွားမှာပါ”ဟုပြောသည်။

အာဏာသိမ်းစဉ်အတွင်း ဆန္ဒထုတ်ဖော်မှုကြောင့် ထောင်ဒဏ်ချမှတ်လိုက်ခြင်းသည် တရားမျှတမှုမရှိဟု ဦးမင်းအောင်၏ ဇနီးဖြစ်သူ ဒေါ်မြဝတ်ရည်က Western News ကိုပြောသည်။

“ ဒီကိစ္စအတွက် တရားမျှတမှုရှိမရှိဆိုတာ လူတိုင်းသိကြမှာပါ။ သူတို့က ထောင်ချချင်သူတွေကိုချပြီး မချချင်တဲ့သူကိုမချဘူး။ ဆန္ဒပြတဲ့ အခါမှာလည်း ထောက်ခံလို့ပြတဲ့သူရှိတယ်။ ကန့်ကွက်လို့ ပြတဲ့သူရှိတယ်။ အခုက ကန့်ကွက်လိုဆန္ဒပြတဲ့သူကိုတော့ ထောင်ချလိုက်တယ်ပေါ့။ ထောက်ခံတဲ့သူတွေလည်း လူစုလူဝေးလုပ်ခဲ့ကြတာပဲ။ အခုက လူကိုရွေးပြီးထောင်ချတယ်ဆိုတော့ ဒါကမတရားမှုဘဲ”ဟုပြောသည်။

လက်ရှိတွင် ကိုသန့်ဇင်ဖြိုးတွင် ကျန်းမာရေး ဆိုးရွားနေပြီး မိသားစုနှင့်လည်း တွေခွင့်မရဟု အမှုလိုက်ပါဆောင်ရွက် ပေးနေသည့် ရှေ့နေ ဦးအောင်ကြည်နိုင်က Western News ကိုပြောသည်။

“ ကိုသန့်ဇင်ဖြိုးအတွက် စက်တင်ဘာ ၂၈ ရက်နေ့ကတည်းက အယူခံတင်ထားတာပါ။ အယူခံကိုလည်း သံတွဲခရိုင်တရားရုံးက လက်ခံထားပါတယ်။ အောက်တိုဘာ ၂၂ ရက်နေ့မှာ နှစ်ဖက်ရှေ့နေများ အပြီးသတ်လျှောက်လဲကြမှာပါ။ မိသားစုနဲ့တော့ တွေ့ခွင့်မရဘူး။ ကျန်းမာရေးလည်း မကောင်းဘူး။ ကျန်းမာရေးမကောင်းတာက တော့အမှန်ပဲ။ ဘာဖြစ်တယ်ဆိုတာတော့ ကျွန်တော်လည်း သေချာမသိဘူး” ဟုပြောသည်။

ဦးမင်းအောင်နှင့် ကိုသန့်ဇင့်ဖြိုးတို့သည် ဖေဖော်ဝါရီလ ၉ ရက်နေတွင် စစ်အာဏာရှင်ဆန်ကျင်ဆန္ဒပြမှုကြောင်း ဖမ်းဆီးခံခဲရသည်။ အမှုရင်နေရစဥ်အတွင်း ကိုသန့်ဇင်ဖြိုးသည် ကျန်းမာရေးဆေးထောက်ခံချက်ဖြင့်အပြင်မှ ရုံးချိန်းသွားခဲ့ရသည်။

၎င်းတို့နှစ်ဦးသည် ၇ လကျော်ကြာတရားရင်ဆိုင်ခဲ့ပြီး စက်တင်ဘာ ၁၇ ရက်နေ့တွင်တောင်ကုတ်မြို့နယ်တရားရုံးက ငြိမ်းစုစီပုဒ်မ ၁၉ အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ်၂ နှစ် နှင့် ဘေးစီမံ ပုဒ်မ ၂၅ အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ လချမှတ်ထားသည်။

https://www.facebook.com/westernnewsagency/posts/388347859638391

Leave a Reply

Your email address will not be published.