ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၃ ၏ တရားလိုအား ရှေ့နေများမှ ပြန်လှန် မေးမြန်းစစ်ဆေး

By Western News/ 2021 October 4

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့်တရားစွဲခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါဝင် ဝန်ကြီး ၃ ဦးကို ယနေ့ အောက်တိုဘာ ၄ ရက်နေ့တွင် စစ်တွေအကျဉ်းထောင်၌ တရားရုံးဖွဲ့ကာ ရုံးတင် စစ်ဆေးခဲ့သည်။

ယနေ့ရုံးချိန်းတွင် အမှုနံပါတ် ၂ တွင်ပါဝင်သည့် ဦးညီပု၊ ဦးအောင်ကျော်ဇံ၊ ဦးကျော်အေးသိန်းတို့၏ တရားလို ဦးကောင်းဇော်သန့်ကို စစ်ဆေးခဲ့ပြီး နောက်ထပ်ရုံးချိန်းကိုတော့ အောက်တိုဘာ ၇ ရက်နေ့ကို ထပ်မံချိန်းဆို လိုက်သည်ဟု Thazin Legal Institute မှတရားလွှတ်တော်ရှေ့နေ့ ဦးမျိုးမြတ်ဟိန်းက Western News ကိုပြောသည်။

“ဒီနေတော့ အမှုနံပါတ်မှာ ပါဝင်တဲ့ ဝန်ကြီးချုပ်ဟောင်းရယ်၊ ဦးအောင်ကျော်ဇံနှင့် ဦးကျော်အေးသိန်းတို့ကို ရုံးထုတ်ခဲ့တယ်။ ဒီနေ့တော့ တရားလိုဦးကောင်းဇော်သန့်ကို ထပ်စစ်တယ်။ စွပ်စွဲခံ ရှေ့နေများက ပြန်လှန်မေးခွန်းတယ်မေးကြတယ်။ Glorious Saw, Ldt ကုမ္ပဏီအချက်အလက်တွေကို သေချာစုံးစမ်းခြင်းမရှိဘဲ အထည်ချုပ်လုပ်ငန်း လုပ်ကိုင်ခွင့်ပေးတဲ့ကိစ္စကို ပြန်လှန်မေးမြန်းစစ်ဆေးခဲ့တယ်”ဟုပြောသည်။

ဝန်ကြီးချုပ်ဟောင်း ၄ ဦးကို စွဲဆိုထားသည့်အမှု ၄ မှုရှိပြီး အမှု ၁ မှာ ဂွမြို့နယ် ဂုံးသောင်ပေါ်တွင် တန်းဖိုးမြေကွက် ဖော်ဆောင်ရာ၌ ဘဏ္ဍာရေးစည်းမျဥ်းများနှင့် မညီဘဲလုပ်ပိုင် ခွင့်ကိုအလွဲသုံးစားလုပ်သည်ဟုဆိုကာစွဲဆို ထားခြင်းဖြစ်ပြီး၊ အမှု ၂ မှာ အစိုးရပိုင် အဆောက်အဦး ၃ ခုအား ပြည်သူသို့ ဌားရမ်းရာတွင် ဥပဒေနှင့် ငြိစွဲသည်ဆိုကာစွဲဆိုထားခြင်းဖြစ်သည်။

အလားတူ အမှု ၃ မှာ QC ရန်ပုံငွေ Third party မှ ငွေတချို့အား သတ်မှတ်ဘဏ်အကောင့်တွင်ရှိမနေဘဲ တခြားအကောင့်တွင်ရှိနေသောကြောင့် စွဲဆိုထားခြင်းဖြစ်ပြီး အမှု ၄ ကိုတော့ စစ်ဆေးမှုမပြုလုပ်ရသေးသဖြင့် မသိရှိရသေးကြောင်း ရှေ့နေကပြောသည်။

အမှုနံပါတ် ၁ တွင် ဦးညီပု၊ ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံနှင့် ဦးကျော်လွင်တို့ပါဝင်ပြီး အမှုနံပါတ် ၂ နှင့် ၃ တို့တွင်လည်း ဦးညီပု၊ ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံ ပါဝင်ကာ အမှုနံပါတ် ၄ တွင် ဦးမင်းအောင် တစ်ဦးတည်းသာ ပါဝင်သည်။

ဝန်ကြီးဟောင်းဦးညီပု၊ ဦးကျော်အေးသိန်းနှင့် ဦးအောင်ကျော်ဇံတို့အား အမှု ၃ မှု စွဲဆိုထားပြီး ဦးမင်းအောင်နှင့် ဦးကျော်လွင်တို့အား အမှုတစ်မှုစီစွဲဆိုထားသည်ဟုသိရသည်။

ဦးညီပု၊ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်အပါဝင် ပြည်နယ်ဘဏ္ဍရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဦးကောင်းဇော်သန့်က ရခိုင်ပြည်နယ်တရားလွှတ်တော်တွင်အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ဖြင့် အမှု ၄ ခု တရားစွဲဆိုထားခြင်းဖြစ်သည်။

ယင်းအမှုတွင် ဦးညီပုသည်အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် အမှု ၃ ခု အပြင် နိုင်ငံတော်အညို ပျက်စေမှု ၅၀၅ (ခ) ဖြင့် စစ်တွေမြို့နယ်တရားရုံးတွင်တရားရင်ဆိုင်နေရသည်။

ယင်းအပြင် ဦးမင်းအောင်မှာလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အပြင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုပုဒ်မ ၂၅ နှင့် ငြိမ်းစုစီ ပုဒ်မ ၁၉ တို့ဖြင့်ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့က တောင်ကုတ်မြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ် ၂ လ ချမှတ်ခံခဲ့ရသည်။

လက်ရှိတွင်ဦးညီပုကို မည့်သည့်နေရာတွင်ထိန်းသိမ်းထားသည်ကိုအတိကျမသိရသော်လည်းဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံ၊ ဦးကျော်လွင်နှင့် ဦးမင်းအောင်တို့အား စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်။

https://www.facebook.com/westernnewsagency/posts/383123470160830

Leave a Reply

Your email address will not be published.