အိမ်ပြန်ခရီးဝေးနေသည့် မြတန်ဆောင်စစ်ဘေးရှောင်းစခန်းက ဒုက္ခသည်များ (ဓာတ်ပုံသတင်း)

By Western News/ 2021 October 21

ရခိုင်ပြည်နယ် မြောက်ဦးမြို့ မြတန်ဆောင်ဘုန်းတော်ကြီးကျောင်းဝန်းထဲ ရေဝပ်သည့် မြေနိမ့်ပိုင်းလယ်ကွင်းပြင်တွင် တည်ဆောက်ထားသည့် စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၁ ထောင်ကျော်နေထိုင်ကြသည်။

အဆိုပါစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင် အိမ်ထောင်စု ၂၆၅ စု လူဦးရေ ၁၂၅၇ ဦးရှိပြီး ဘောင်ဒွတ်ကျေးရွာ၊ ပေါက်တောပြင်၊ ဘုရားအုပ်ကျေးရွာများကအများဆုံးဖြစ်ကာ ကျောက်တော်မြို့နယ်နှင့် မင်းပြားမြို့နယ်များကလည်း လာရောက်ခိုလှုံနေကြကြောင်း စစ်ဘေးရှောင်များအား ကူညီဆောင်ရွက်ပေးနေသည့် မြတန်ဆောင်ဆရာတော် ဦးနန္ဒသာရ က မိန့်သည်။

ယင်းစစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ခုနှစ်များက ကျေးရွာအနီးအနားတွင် မြန်မာစစ်တပ်နှင့် AA တို့ အကြား တိုက်ပွဲများဖြစ်၍ ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်ပြီး လက်ရှိအချိန်တွင်လည်း ကျေးရွာတစ်ချို့၏ အနီးတွင် စစ်တပ်က တပ်စွဲထား၍ ဒုက္ခသည်များအနေဖြင့် နေရပ်သို့ မပြန်လိုကြဟု စစ်ဘေးရှောင်များက ပြောသည်။

စစ်ဘေးရှောင်များနေရပ်ပြန်ရေးနှင့် ပတ်သတ်၍ လုံခြုံရေးကိုလည်း နှစ်ဖက် လက်နက်ကိုင်အဖွဲ့အစည်းက အာမခံချက်မပေးချက်များပေးမထားသလို တိုက်ပွဲများ ပြန်မဖြစ်လို့လည်း အာမခံချက် ပေးမထားသောကြောင့် နေရပ်ကို မပြန်လိုကြဟုဆိုသည်။

မိုးအဆက်မပြတ်ရွာသွန်းပါက မြတန်ဆောင်စစ်ဘေးရှောင်စခန်းတစ်ခုလုံး ရေနစ်မြုပ်မှုဒဏ်ကို ခံရပြီး ကုန်းမြင့်သည့်နေရာသို့ ပြောင်းရွေ့နေထိုင်ရသလို နွေရာသီရောက်ပြန်ရင်လည်း အပူဒဏ်ကို ပြင်းပြင်းထန်ထန်ခံရစားရပြန်ကြောင်း စစ်ဘေးရှောင်များကပြောသည်။

https://www.facebook.com/westernnewsagency/posts/394096995730144

Leave a Reply

Your email address will not be published.