အာရှ၏ ဒုတိယအကြီးဆုံး ဝန်ဖိုက်ဒီရေတောမှ တစ်ရက်တည်းတွင် မော်တော်ဘုတ် ၄၇ စီးဖြင့် ထင်းခိုးထုတ်မှုများရှိ

By Narinjara/ 2021 October 14

မာန်ယုကျော် (ရွှေဝမြေ)၊ အေးမြတ်ခိုင်

အာရှတိုက်တွင် ဒုတိယအကြီးဆုံးဒီရေတောဖြစ်သည့် ရခိုင်ရှိ ဝန်ဖိုက်ဒီရေတောမှ ယမန်နေ့ အောက်တိုဘာလ ၁၃ ရက် တစ်ရက်တည်းတွင် မော်တော်ဘုတ် ၄၇ စီးဖြင့် ထင်းခိုးထုတ်မှုများရှိခဲ့ကြောင်း ဝန်ဖိုက်ပြားတောထိန်းသိမ်းရေးဖြစ်မြောက်ရေးကော်မတီမှ ဒုဥက္ကဋ္ဌကိုထွန်းကြည်က နိရဥ္စရာကိုပြောသည်။

“ကျွန်တော်တို့အဖွဲ့ဝင်တွေ ဒီရေတောထိန်းသိမ်းရေးနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေလုပ်နေတဲ့လူတွေရှိတယ်ဗျ။ အဲ့ဒီမြစ်ကြောင်းတစ်လျှောက်မှာလေ။ သူတို့ရဲ့သတင်းပေးပို့ချက်အရ မနေ့တစ်ရက် စစ်တွေဘက်ကိုဆင်းတဲ့ ထင်းဘုတ်(မော်တော်) ၄၇ စီးရှိတယ်ဗျ။ စက်လှေအစီး သုံး၊ လေးဆယ်လောက်က နေ့တိုင်းလိုလိုသွားနေတာကိုတွေ့မြင်နေရတယ်ဗျ”ဟု ပြောသည်။

မော်တော်ဘုတ်များဖြင့် ကြီးကြီးမားမားထင်းလာခုတ်သည့်အထဲတွင် စစ်တွေ၊ ပေါက်တောနှင့်ရသေ့တောင်မြို့နယ်တို့မှများပြီး တစ်နိုင်တစ်ပိုင်ထင်းလာခုတ်သည့်အထဲတွင် အမ်း၊ ရမ်းဗြဲနှင့်ကျောက်ဖြူမြို့နယ်တို့မှဖြစ်ကြောင်း ကိုထွန်းကြည်က ပြောသည်။

ဝန်ဖိုက်ဒီရေတောသည် အာရှတိုက်တွင် ဒုတိယအကြီးဆုံးဒီရေတောဖြစ်ပြီး ဧရိယာအားဖြင့် ဧက (၅၆,၆၃၃) ဧကရှိသည်။ ၁၉၃၀ ပြည့်နှစ်က ကြိုးဝိုင်းအဖြစ်သတ်မှတ်ခြင်းခံခဲ့ရသည်ဟုလည်း သိရသည်။

လက်ရှိတွင် မီးသွေးထုတ်လုပ်မှု၊ အုတ်ဖုတ်မှုများနှင့် ထင်းလောင်စာအဖြစ်အသုံးမှုများပြားလာနေပြီး သစ်ပင်ခုတ်မှုများကြောင့် ဝန်ဖိုက်ဒီရောတောရှိ အရွယ်ရောက်ပြီးသော သစ်ပင်များ ၇၅ ရာခိုင်နှုန်းခန့်အထိပြုန်းတီးမှုရှိနေကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူ ကိုမျိုးလွင်က နိရဥ္စရာကိုပြောဆိုထားသည်။

ဝန်ဖိုက်ဒီရေတောမှ တရားမဝင်သစ်ခိုးထုတ်ခြင်း၊ မီးသွေးဖုတ်ခြင်း၊ ဖျက်ဆီးခြင်းများအားထိန်းသိမ်းကာကွယ်ရန် စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်၊ သစ်တောနှင့် ဒီရေတောချစ်သူများပါဝင်သော လုံခြုံရေးအဖွဲ့ဖွဲ့ကာ ကင်းလှည့်ခြင်း ကိစ္စဆောင်ရွက်ရန်စီမံထားသည်ဟု ပြည်နယ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာ ၁၁ ရက်၌ ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ထုတ်ပြန်အပြီး အောက်တိုဘာ ၁၃ ရက်တစ်ရက်တည်းတွင် ယခုကဲ့သို့ မော်တော်ဘုတ် ၄၇ စီးဖြင့် သစ်ခိုးထုတ်ခဲ့ကြခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပြည်နယ်ကောင်စီက ယခုကဲ့သို့ စီမံညွှန်ကြားထားချိန်မှာပင် ယခုလိုထင်းခုတ်မှုများဆက်လက်ရှိနေမှုကို ဘာမျှ အရေးယူတားဆီးဆောင်ရွက်ခြင်းမလုပ်နိုင်သည်မှာ မဖြစ်သင့်ဟုလည်း ကိုထွန်းကြည်က ပြောသည်။

“ထင်းခုတ်မှုကိုလျော့ကျစေဖို့အတွက် မဖြစ်မနေအရေးယူဖို့တော့လိုအပ်နေတယ်။ အမိန့်ထုတ်ပြန်ပြီးတော့ ဘာမှမလုပ်နိုင်ဘူးဆိုတဲ့ဟာမျိုးတော့ မဖြစ်သင့်ဘူး”ဟုပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ကောင်စီ၏ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက လက်ရှိတွင် ဝန်ဖိုက်ဒီရေတောကို ထိန်းသိမ်းရန် စစ်တပ်အပါအဝင် ရဲတပ်ဖွဲ့နှင့် ထွေအုပ်တို့ပူးပေါင်းပြီး ကင်းလှည့်ရန်စီစဉ်ထားပြီဟု နိရဥ္စရာကိုပြောသည်။

“သစ်တောကို စောင့်ရှောက်တယ်ဆိုတာက ကိုယ့်ဒေသမှာနေတဲ့သူတွေကစောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ ခိုးထုတ်ဖို့ တာဝန်မရှိဘူး” ဟု ပြောသည်။

ဝန်ဖိုက်ဒီရေတောတွင် ယခင်က သစ်တောဝန်ထမ်းများစောင့်ခဲ့ကြသော်လည်း ဒေသအခြေအနေအရ နောက်ပိုင်းတွင် သစ်တောဝန်ထမ်းများမစောင့်ရဲကြတော့ဘဲ အချို့ရွာများတွင်ဝင်နေကြသည့်အတွက် လုံခြုံရေးကိုအခွင့်ကောင်းယူကာ ယခုကဲ့သို့ သစ်ခိုးထုတ်မှုများဖြစ်ပေါ်နေခြင်းဖြစ်သည်ဟုလည်း ဦးလှသိန်းက ဆိုသည်။

လက်ရှိတွင် စစ်တွေ-ရေချမ်းပြင်ဆင်းလမ်းဘေးရှိ သစ်ပုံများသည်လည်း အုတ်ဖုတ်သမားများနှင့်သက်ဆိုင်မည်ဟုယူဆသည့်အတွက် သစ်တောဌာနက အုတ်ဖုတ်သမားများကိုခေါ်ယူသတိပေးကာ ဆွေးနွေးမှုများပြုလုပ်နေပြီဟုလည်း ဆက်ပြောသည်။

ဝန်ဖိုက်ဒီရောတောကို ဝိုင်းဝန်းထိန်းသိမ်းကာကွယ်နိုင်ရန် ရမ်းဗြဲနှင့်ကျောက်ဖြူမြို့နယ်တို့မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူများပူးပေါင်းကာ ဝန်ဖိုက်ပြားတော ထိန်းသိမ်းရေးဖြစ်မြောက်ရေးကော်မတီကို အောက်တိုဘာလ ၆ ရက်ကဖွဲ့စည်းထားသည်။

လိုအပ်လျှင် အစိုးရနှင့်ပူးပေါင်းလုပ်ဆောင်ရန်အဆင်သင့်ရှိသည်ဟုလည်း ကော်မတီဒုဥက္ကဋ္ဌ ကိုထွန်းကြည်က ပြောသည်။

https://www.facebook.com/narinjara.info/posts/4780819608596745

Leave a Reply

Your email address will not be published.