အာရှတွင်ဒုတိယအကြီးဆုံးဖြစ်သည့် ဝန်ဗိုက်ဒီရေတောတွင် ထိန်းသိမ်းစောင့်ရှောက်မည့် သစ်တောဝန်ထမ်းများမရှိ

By Western News/ 2021 October 7

အာရှဒုတိယအကြီးဆုံးဖြစ်သည့် ဝန်ဗိုက်က် ဒီရေတောကြီးသည် ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်တွင် တည်ရှိပြီး လက်ရှိဝန်ဗိုက်ဒီရေတော ကြိုးဝိုင်းတွင် ထိန်းသိမ်းစောင့်ရှောက်မည့် သစ်တောဝန်ထမ်းများ မရှိဖြစ်နေသည်။

ယခုကဲ့သို့ ထိန်းသိမ်းစောင့်ရှောက်မည့် အစိုးရသစ်တောဝန်ထမ်းများ မရှိဖြစ်နေသည်မှာ တစ်နှစ်ကျော်ကြာပြီ ဖြစ်ကြောင်း ဒေသခံများ ပြောကြားချက်အရ သိရှိရသည်။

ဝန်ဗိုက်ဒီရေတောကြိုးဝိုင်း ထိန်းသိမ်းစောင့်ရှောက်ရေး အစိုးရဝန်ထမ်းများမရှိဘဲ အဆောက်အဦးများသာ ကျန်ရစ်ခဲ့သည်ကို ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့က Western News မှ ကွင်းဆင်းသတင်းရယူရန် သွားရောက်ခဲ့စဥ်က တွေ့ရှိခဲ့ရသည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလ လောက်ကပင် ဒီရေတော ဝန်ထမ်းများသည် ပစ္စည်းအားလုံးကို ယူပြီးထွက်ခွာသွား ကြကြောင်းနှင့် မည်သည့်အကြောင်းကြောင့် ထွက်ခွာသွားကြကြောင်းကိုမသိရှိကြကြောင်း ဝန်ဗိုက်ဒီရေတော အနီးနေ လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံများမှပြောသည်။

“သူတို့က ပစ္စည်းတွေ အကုန်ယူပြီး မနှစ်က ၆ လပိုင်းလောက်က ထွက်သွားကြတာပါ။ သူတို့ ဘာကြောင့် ခုလိုထွက်သွားကြတာလဲဆိုတော့ မသိဘူး။ ဒါပေမယ့် တခါတလေ ကြားမိတာတော့ သစ်ခုတ်တဲ့ လှေတွေ၊ ဘုတ်တွေကို ဖမ်းတဲ့ခါ ပြန်ရန်ရှာတာတွေ ရှိတယ်လို့ သိရပါတယ်”ဟု ပြောသည်။

ဝန်ဗိုက်ဒီရေတော့ ထိန်းသိမ်းစောင့်ရှောက်ရေး သစ်တောဝန်ထမ်းများသည် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ၂၀၂၀ ခုနှစ် အစောပိုင်းကတည်းက ဒီရေတောကို စွန့်ခွာခဲ့ကြကြောင်း ရမ်းဗြဲမြို့နယ် သစ်တောဦးစီးမှူး ဦးမင်းထက်အောင်က အောက်တိုဘာလ ၇ ရက်နေ့က Western News ကိုအတည်ပြုပြောကြားသည်။

“နိုင်ငံရေးမတည်မငြိမ်ဖြစ်တဲ့ ၂၀၂၀ ခုနှစ် အစပိုင်းလောက်ကတည်းက ကျနော်တို့ဝန်ထမ်းတွေက မနေရဲတော့ပါခင်ဗျား” ဟု ပြောသည်။

ဒီရေတော ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး အစိုးရဌာနတွေ စုပေါင်းပြီး ပြုလုပ်နိုင်ရန် အစီအစဥ်ရေး ဆွဲနေကြောင်းပြောဆိုခဲ့သော်လည်း မည်သည့်အချိန်တွင် ပြုလုပ်သွားမည်ဆိုသည်ကို အသေးစိတ်ပြောဆိုခြင်းမရှိခဲ့ပေ။

ဝန်ဗိုက်ဒီရေတောကြိုးဝိုင်းကို ထိန်းသိမ်းစောင့်ရှောက်မည့် အစိုးရဝန်ထမ်းများ မရှိသည့်အတွက် ဒီရေတော ကြိုးဝိုင်းအနီးရှိ ကျေးရွာများမှ ဒေသခံများ စုဖွဲ့ပြီး ဒီရေတော့ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ကြိုးစားနေ ကြကြောင်း ဦးဆောင်နာယကအဖြစ်တာဝန်ယူလုပ်နေသည့် ဝန်ဗိုက်ဒီရေတော ငယက်ကြီးကျွန်းမှ ဦးမောင်သိန်းကျော်က ပြောသည်။

ရမ်းဗြဲမြို့အပါအဝင် အနီးအနားမှ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်မြို့နယ်များမှ ဒေသခံများ ထင်းမီးသွေး လုပ်‌ဆောင်ရန်နှင့် ထင်းအဖြစ် အသုံးပြုရန်အတွက် တစ်နေ့ကို တန်ချိန် ၂၀၀ ခန့်ကို နေ့စဉ်နေ့တိုင်း ခုတ်လှဲမှုများရှိနေသည့်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူများက ပြောသည်။

ဝန်ဗိုက်ဒီရေတော ကြိုးဝိုင်းသည် မြေအရိယာဧကပေါင်း ၅၆၆၃၃ ဧကရှိပြီး၊ ၇၅ ရာခိုင်နှုန်းထိ တောပြုန်းတီးမှုနဲ့ ရင်ဆိုင်နေရကြောင်း ဒီရေတော လေ့လာစောင့်ကြည့်သူများ ပြောကြားချက်အရသိရသည်။

https://www.facebook.com/westernnewsagency/posts/384674906672353

Leave a Reply

Your email address will not be published.