အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူ ၂ သိန်းခန့်ကို ယခုလဒုတိယအပတ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်

By Development Media Group (DMG)/ 2021 October 8

ရခိုင်ပြည်အတွင်းက အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများကို ယခုအောက်တိုဘာလ ဒုတိယအပတ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီက ပြောကြားလိုက်သည်။

ယခုရက်ပိုင်းအတွင်း ကိုဗစ်ကာကွယ်ဆေး ရောက်ရှိမည်ဖြစ်ပြီး ဆေးရောက်ရှိပါက အောက်တိုဘာ ၁၆ ရက်နေ့တွင် ထိုးပေးသွားမည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးဦးလှသိန်းက ယနေ့ အောက်တိုဘာ ၈ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ခြင်းဖြစ်သည်။

“စာသင်ကျောင်းဆိုတဲ့အထဲမှာ ဘုန်းတော်ကြီးကျောင်းတွေလည်း ပါပါတယ်။ပုဂ္ဂလိက စာသင်ကျောင်းတွေ လည်း ပါပါတယ်။ အစိုးရ စာသင်ကျောင်းတွေလည်း ပါပါတယ်။ စာသင်တဲ့ ကလေးတွေအကုန်လုံး ပါပါတယ်။ စာသင်အရွယ်တွေ အကုန်လုံးပါပါတယ်”ဟု ဆိုသည်။

ရခိုင်တပြည်နယ်လုံးရှိ ၅ တန်းမှ ၈ တန်းအထိ ပျမ်းမျှကျောင်းသား/သူစုစုပေါင်း ၂ သိန်းခန့်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စာသင်ကျောင်းများဖွင့်လှစ်ချိန် စိတ်ချစွာပညာသင်ကြားနိုင်ရန်အတွက် အသက် ၁၂ နှစ်အထက်ရှိ ကျောင်းသူ၊ ကျောင်းသားများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးခြင်းဖြစ်သည်။

ကိုဗစ်ကူးစက်ပြန့်ပွားမှုကြောင့် အခြေခံပညာကျောင်းများကို ဇူလိုင် ၉ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကလည်း မြန်မာနိုင်ငံအတွင်း ကိုဗစ်ကူးစက်မှုကြောင့် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို တစ်နှစ်ပတ်လုံး ပိတ်ထားခဲ့သည်။

https://www.facebook.com/dmgnewsagency/posts/2127935540692179

Leave a Reply

Your email address will not be published.