အကြမ်းဖက်ပုဒ်မဖြင့် စွပ်စွဲဖမ်းဆီးခံရပြီးနောက် ပြန်လွတ်လာသူ၏ ချိုင်းအောက်သို့ဝင်နေသည့်ကျည်ဆံကို စေတနာရှင်တစ်ဦး၏ အကူအညီဖြင့် ရန်ကုန်တွင် ခွဲစိတ်ကုသမည်

By Narinjara/ 2021 October 6

သန္တာကျော်ဇော

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ မာလာကျေးရွာမှ အကြမ်းဖက်ပုဒ်မဖြင့် စွပ်စွဲဖမ်းဆီးခံရပြီးနောက် ပြန်လွတ်လာသည့် ကိုသန်းထွန်းမောင်၏ ချိုင်းအောက်သို့ဝင်နေသောကျည်ဆံကို စေတနာရှင်တစ်ဦး၏ အကူအညီဖြင့် ရန်ကုန်တွင် သွားရောက်ခွဲစိတ်ကုသသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ကိုသန်းထွန်းမောင်(၂၉ နှစ်)၏ ညာဘက်လက်မောင်းချိုင်းအောက်တွင် ဝင်ရောက်နေသည့်ကျည်ဆံဒဏ်ရာကို စစ်တွေမြို့ရှိ အေးငြိမ်းဆေးရုံတွင် စေတနာရှင်တစ်ဦး၏ အကူအညီဖြင့်ပြသခဲ့ရာ ခွဲစိတ်ကုသရန်အတွက် ရန်ကုန်ကိုသွားရန်လိုအပ်ကြောင်း ဆရာဝန်ကညွှန်ကြားလိုက်သည်ဟု ကိုသန်းထွန်းမောင်က နိရဥ္စရာသို့ ပြောသည်။

“ဒီမှာပစ္စည်းကိရိယာတွေ မစုံလို့ ရန်ကုန်မှာပဲ ခွဲစိတ်ရမယ်ပြောတယ်။ အလှူရှင်တွေကတော့ ကုန်ကျစရိတ်တွေ အားလုံးသူပေးမယ်ပြောတယ်။ ဒါပေမဲ့ ကျနော့်မှာက အလုပ်လည်းမရှိတော့ နည်းနည်းပါးပါးလိုအပ်တဲ့ ပိုက်ဆံပမာဏလည်း လက်ထဲမရှိတော့ အခက်အခဲဖြစ်နေတယ်” ဟု ပြောသည်။

သူ၏ကျည်ဒဏ်ရာကို ဓာတ်မှန်ရိုက်ကူးမှသာ ထင်ရှားစွာမြင်ရပြီး လက်ဖြင့်ကိုင်တွယ်စမ်းသပ်သည့်အခါမတွေ့ရသဖြင့် ရန်ကုန်တွင်သာ ခွဲစိတ်ရမည်ဟု ဆရာဝန်ကပြောဆိုခဲ့ကြောင်း သူက ဆက်ပြောသည်။

ကိုသန်းထွန်းမောင်၏ ကျည်ဆန်သည် လက်ဖျံရိုးကြားနှင့် ရင်ဘတ်အကြားတွင်ညှပ်နေခြင်းဖြစ်ပြီး ယခုအပတ်အတွင်း ခွဲစိတ်ရန် ရန်ကုန်သို့ သွားရမည်ဟု ဆိုသည်။

ကျည်ဆန်ကို ခွဲစိတ်ကုသရန် မြောက်ဦးခရိုင်အချုပ်မှ အချုပ်ထွက်လက်မှတ်ကိုလည်း ထုတ်ယူထားပြီဟုလည်း ပြောသည်။

“ဒီလိုမျိုး အားလုံးခက်ခဲနေကြတဲ့အချိန်မှာ ဒီလိုမျိုးအကုန်အကျခံပြီး ကျနော့်ကို ကုသပေးတဲ့အတွက်လည်း အရမ်းကျေးဇူးတင်သလို ဝမ်းလည်းဝမ်းသာပါတယ်။”ဟု ပြောသည်။

ကိုသန်းထွန်းမောင်သည် ကျည်ဆံဒဏ်ရာကြောင့် အလေးအပင်များလည်း မ,နိုင်ခြင်းမရှိသလို ညအိပ်ရာတွင်လည်း စောင်းအိပ်မိပါက အလွန်နာကျင်ရပြီး အလုပ်လုပ်နိုင်ရန် အခက်အခဲဖြစ်နေသဖြင့် အမြန်ဆုံးခွဲစိတ်ကာ ပြန်ကောင်းချင်သည်ဟု ပြောသည်။

ကိုသန်းထွန်းမောင်သည် ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၀ ရက်နေ့က ရွာသား ၄ ဦးနှင့်အတူ စက်လှေမောင်းပြီး ကုလားတန်မြစ်ကြောင်းအတိုင်း ထွက်ပြေးစဉ် စစ်ကြောင်းတစ်ခုကပစ်ခတ်၍ စက်လှေပဲ့ကိုင်နေသည့်လက်မောင်းအောက် ချိုင်းကြားသို့ ကျည်ဆံ ထိမှန်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယင်းနေ့က ကိုသန်းထွန်းမောင်သည် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို့နှင့်အတူ စစ်တပ်၏ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးနောက် အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံခဲ့ရသည်။

၎င်းတို့ ၅ ဦးသည် အမှုကို မြောက်ဦးခရိုင်အချုပ်ထဲမှ ၉ လကြာရင်ဆိုင်ခဲ့ရပြီးနောက် အကြမ်းဖက်မှုဖြင့် စွပ်စွဲခံရသူ နောက်ထပ် ၁၆ ဦးနှင့်အတူ ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်တွင် ပြန်လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4754278937917479

Leave a Reply

Your email address will not be published.