By Narinjara/ 2021 October 24
မြထွီးသျှင်

PDF နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးအမှုဖွင့်ခံထားရသည့် သံတွဲမြို့မှ ဦးစိန်ချစ်နှင့် လူမှုရေး လုပ်ငန်းများ အတူလုပ်ကိုင်နေသူ လူငယ်တစ်ဦးကို ယမန်နေ့ နေ့လယ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး စစ်ဆေးနေသည်ဟု သတင်းရရှိသည်။
၎င်းလူငယ်မှာ သံတွဲမြို့နယ် ငပလီမြို့၊ လင်းသာရပ်ကွက်မှ အသက်၂၄ နှစ်အရွယ် ကိုရဲနိုင်ဦးဖြစ်သည်။
သူသည် ဒေသအခေါ် တုတ်တုတ်(ခေါ်) အိန္ဒိယသုံးဘီး မောင်းနေသူ တစ်ဦးဖြစ်ပြီး အောက်တိုဘာလ ၂၃ ရက် နေ့လယ် ၂ နာရီခန့်တွင် ငပလီရှိ ဟိုတယ်တစ်ခုရှေ့တွင် ဂိတ်ထိုးရပ်နားနေစဉ် ရဲတပ်ဖွဲ့ဝင်များက လာရောက်ခေါ်ယူသွားခဲ့ပြီး ယနေ့ မနက်ပိုင်းထိ ပြန်မလွှတ်ပေးသေးကြောင်း သူနှင့် ရင်းနှီးသူ မတင်တင်လွင်က နိရဥ္စရာသို့ပြောသည်။
“သူ့ကိုရဲ ၄ ယောက်က ဆိုင်ကယ်တွေနဲ့လာခေါ်သွားတာပါ။ ထွေအုပ်ရုံးမှာ မေးမြန်းစရာတွေ ရှိလို့ဆိုပြီးတော့။ သူကိုယ်တိုင် တုတ်တုတ်မောင်းပြီး လိုက်သွားတာပါ။ သူမသွားခင် ကျမဆီမှာ ပြောသွားတာပါ။ ထွေအုပ်ရုံးမှာ မေးမြန်းစရာရှိလို့ သွားရမယ်ဆိုပြီးတော့” ဟု ပြောသည်။
ကိုရဲနိုင်ဦးကို ထွေအုပ်ရုံးတွင် မေးမြန်းစစ်ဆေးပြီးနောက် သံတွဲမြို့မ ရဲစခန်းသို့ ထပ်မံခေါ်ဆောင်ကာ ထိန်းသိမ်းထားကြောင်း သူမက ဆက်ပြောသည်။
“ကျမလည်း ထွေအုပ်ရုံးကိုလိုက်သွားတော့ ရဲကားတွေနဲ့ သူ့ကို မြို့မ ရဲစခန်းကို ခေါ်သွားပြီ။ ဘာအကြောင်းကြောင့်ဖမ်းတာလဲဆိုတာတော့ ကျမလည်းမသိဘူး။ စိတ်တွေထူပူနေတော့ မေးလည်းမမေးခဲ့ရဘူး”ဟု ပြောသည်။
ကိုရဲနိုင်ဦးသည် PDF သံသယဖြင့် အမှုဖွင့်ခံထားရသည့် ဦးစိန်ချစ်နှင့် လူမှုရေး လုပ်ငန်းများကိုလည်း တက်တက်ကြွကြွလုပ်ဆောင်ပေးနေသည့် သူတစ်ဦး ဖြစ်ကြောင်း သိရသည်။
အမည်မဖော်လိုသည့်ငပလီမြို့ခံတစ်ဦးကလည်း “ဦးစိန်ချစ်နဲ့ဆက်စပ်ပြီးတော့ ဖမ်းသွားတယ်လို့တော့ကြားတယ်။ အသေးစိတ်တော့ မသိသေးဘူး”ဟု ပြောသည်။
ကိုရဲနိုင်ဦး၏အစ်ကိုဖြစ်သူ ကိုရဲလွင်ဦးကို ဆက်သွယ်ရာ သူ့အနေဖြင့် နယ်ဘက်သို့ရောက်နေ၍ အကြောင်းစုံမသိသေးသည့်အတွက် မနက်ဖြန် ရဲစခန်းသို့သွားရောက်စုံစမ်းဦးမည်ဟု ဆိုသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး သံတွဲမြို့မရဲစခန်းကို နိရဥ္စရာသတင်းဌာနက အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
သံတွဲမြို့မှ လူမှုရေးလုပ်ကိုင်နေသည့် အသက် ၄၂ နှစ်အရွယ် ဦးစိန်ချစ်ကို မအူပင်မှ PDF တစ်ဦးက အမည်ထုတ်ဖော်ပြောဆို၍ဟုဆိုကာ အောက်တိုဘာ ၉ ရက် ည ၁ဝ နာရီခန့်တွင် ၄င်း၏နေအိမ်မှာ ဖမ်းဆီး ခေါ်ဆောင်ခံထားရပြီး အကြမ်းဖက်မှုပုဒ်မ ၅၀(က)၊ ၅၂(က)ဖြင့် အမှုဖွင့်ခံထားရသည်ဟု သိရသည်။
အလားတူ မြောက်ဦးမြို့နယ် ပန်းမော်ကျေးရွာမှ အသက် ၂၃ နှစ်အရွယ်ရှိ လူငယ် စာရေးဆရာ မင်းဒီပါကိုလည်း PDF နှင့်ဆက်စပ်သည်ဟုဆိုကာ အောက်တိုဘာ ၁၅ ရက်တွင် သူ၏ နေအိမ်မှတဆင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အကြမ်းဖက်မှုပုဒ်မ ၅ဝ(ည)ဖြင့် အမှုဖွင့်ခံထားရသည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/4810600625618643