သံတွဲတွင် မိုးကြိုးပစ်ခံရ၍ သားမိ ၂ ဦးသေ၊ ၁ ဦးဒဏ်ရာရ၊ ၁ ဦးပျောက်ဆုံး

By Narinjara/ 2021 October 7

နှင်းနွယ်နီ

ရခိုင်ပြည်နယ် သံတွဲမြို့နယ်၊ ကညင်ကုန်းအုပ်စု၊ ကျောင်းတောင်ကျေးရွာအနီး သံတွဲချောင်းတွင် ယမန်နေ့က မိသားစု ၄ ဦးစီးလာသည့် စက်လှေတစ်စီး မိုးကြိုးပစ်ခံ၍ သားမိ ၂ ဦး သေဆုံးသွားပြီး ၁ ဦးဒဏ်ရာရကာ ၁ ဦးပျောက်ဆုံးနေကြောင်း သိရသည်။

သေဆုံးသွားသူတို့မှာ ကညင်ကုန်းအုပ်စု၊ ရွာရှည်ကျေးရွာမှ မအေးအေးအောင်(၂၅ နှစ်)နှင့် သူမ၏ ၂ နှစ်သားအရွယ် သားဖြစ်သူတို့ဖြစ်ကြသည်။

ဒဏ်ရာရသူမှာ သူမ၏ ၅ နှစ်အရွယ်သားဖြစ်ပြီး ပျောက်ဆုံးနေသူမှာ သူမ၏အမျိုးသား ဦးသန်းရွှေ(၄၅ နှစ်)ဖြစ်သည်။

ယမန်နေ့ အောက်တိုဘာလ ၆ ရက် နေ့လယ် ၃ နာရီခန့်က သံတွဲမြို့ပေါ်တွင် ဝါးရောင်းပြီးနောက် ရွာသို့ပြန်လာစဉ် ဦးသန်းရွွှေမောင်းနှင်လာသည့် စက်လှေသည် ကျောင်းတောင်ကျေးရွာအနီး သံတွဲချောင်းတွင် မိုးကြိုးပစ်ခံခဲ့ရခြင်းဖြစ်သည်။ စက်လှေမောင်းသူဦးသန်းရွှေမှာ ရေထဲပြုတ်ကျကာ ပျောက်ဆုံးသွားခဲ့သည်ဟုလည်း သိရသည်။

လက်ရှိတွင် သေဆုံးသူနှစ်ဦးနှင့် ဒဏ်ရာရကလေးငယ်ကို သံတွဲခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဒဏ်ရာရသည့်ကလေးမှာ မစိုးရိမ်ရဟု ဆေးရုံအုပ် ဒေါက်တာ ရဲဝင်းထွန်းက ပြောသည်။

“သံတွဲဆေးရုံကို သူတို့ မနေ့က ည ၇ နာရီကျော်ကျော်လောက်ကရောက်တယ်။ သေဆုံးတဲ့အလောင်းကို ဒီနေ့မနက်က ခွဲစိတ်တယ်။ ဒဏ်ရာရတဲ့ကလေးက ကျနော်တို့ ဆေးရုံမှာပဲ ဆေးရုံတက်နေပါတယ်။ ဒဏ်ရာက မစိုးရိမ်ရပါဘူး။ ဝမ်းဗိုက်လောက်မှာပဲ မီးလောင်ဒဏ်ရာနည်းနည်းလေးတစ်ခုပဲရှိပါတယ်။” ဟု ပြောသည်။

စက်လှေပေါ်မှပြုတ်ကျကာ ပျောက်ဆုံးနေသူ ဦးသန်းရွှေအား ကျေးရွာသားများနှင့်အတူ တာဝန်ရှိသူများက လိုက်လံရှာဖွေနေကြကြောင်း သိရသည်။

အောက်တိုဘာလ ၂ ရက်နံနက်ကလည်း မိုးကြိုးပစ်ခံရ၍ ကျောက်တော်မြို့နယ် ပေါက်တောကျေးရွာမှ အသက် ၆၇ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး မင်းပြားမြို့နယ် မင်းရွာကျေးရွာမှ ၃၉ နှစ်အရွယ် ဒေါ်ကြည်ကြည်အေး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/4757259707619402

Leave a Reply

Your email address will not be published.