By Western News/ 2021 October 7

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ကညင်ကုန်းအုပ်စု၊ ကျောင်းတောင် ကျေးရွာအနီး သံတွဲချောင်းတွင် အောက်တိုဘာ ၆ ရက်နေ့ နေ့လည် ၂ နာရီခန့်က မိုးကြိုး ထိမှန်၍ မိသားစု ၄ ဦးအနက် ၂ ဦးသေဆုံးပြီး ၁ ဦး ပျောက်ဆုံးနေကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဥ်မှာ သံတွဲမြို့နှင့် မိုင် ၂၀ ခန့် ကွာဝေးသည့် ချောင်းဖျားတွင် နေထိုင်ကြသည့်မိသားစုမှာ သံတွဲမြို့မှ ဝါးရောင်း၍ အပြန်လမ်းတွင် ကျောင်းတောင်ကျေးရွာအနီး ရောက်စဉ် ၎င်းတို့စီးလာသည့်စက်လှေအား မိုးကြိုးထိမှန်ပြီး သေဆုံး၊ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သေဆုံးသူများမှာ ဒေါ် အေးအေးအောင် အသက် ၂၅ နှစ်၊ သားဖြစ်သူ မောင်ဝဿန်အောင် အသက် ၂ နှစ်ခွဲ၊ ဒဏ်ရာရရှိခဲ့သူ သားကြီးဖြစ်သူ မိုးထက်ဝလွှာကျော် အသက် ၅ နှစ်ခွဲနှင့် လက်ရှိ ခင်ပွန်းဖြစ်သူ ဦးမောင်သန်းချေ အသက် ၄၅ နှစ်မှာ ပျောက်ဆုံးနေသည်။
ပျောက်ဆုံးနေသူ ဦးမောင်သန်းချေ၏ အစ်မဖြစ်သူက “သူတို့ မိသားစုက သံတွဲနဲ့ မိုင် ၂၀ လောက် ဝေးတဲ့ချောင်းဖျားမှာနေတာပါ။ ဝါးခုတ်ပြီး သံတွဲမှာ သွားရောင်းပြီးအသက်မွေးကြတာပါ။ မနေ့က သူတို့က သံတွဲကနေ ဝါးရောင်းပြီး ရိက္ခာလေးတွေဝယ်ပြီးပြန်လာကြတယ်။ ကျောင်းတောင်ကျေးရွာအနီးမှာ စက်လှေမိုးကြိုးထိတာပါ။ လှေမှာပါလာတဲ့ ကျွန်မ ယောက်မနဲ့ တူလေးတစ်ဦးက ဆုံးသွားတာပေါ့။ အကြီးကောင်တူလေးတော့ ဒဏ်ရာရသွားတယ်”ဟုပြောသည်။
လက်ရှိတွင် ပျောက်ဆုံးနေသည့် ဦးမောင်သန်းချေအလောင်းကို အနီးနားရှိကျေးရွာဒေသခံများမှ ဝိုင်းဝန်းရှာဖွေနကြပြီး ယနေ့နေ့လည်ပိုင်းအထိရှာမတွေ့သေးကြောင်း ၄င်းက ဆက်ပြောသည်။ ဒဏ်ရာရရှိခဲ့သည့်သားကြီးဖြစ်သူ မိုးထက်ဝလွှာကျော်မှာလည်း သံတွဲဆေးရုံတွင် ဆေးကုသမှု ခံယူနေပြီး စိုးရိမ်စရာမရှိကြောင်းသူမကပြောသည်။
သေဆုံးသွားသည့် ဒေါ် အေးအေးအောင် သားဖြစ်သူ မောင်ဝဿန်အောင်တို့ကို ယနေ့နေ့လည်တွင် မီးသင်္ဂြိုလ်လိုက်ပြီ ဖြစ်ကြောင်းလည်းသိရသည်။
https://www.facebook.com/westernnewsagency/posts/384764349996742