By Western News/ 2021 October 8

နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ) ဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအား ယနေ့ အောက်တိုဘာ ၈ ရက်နေ့တွင် စစ်တွေမြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်သည်။
ယနေ့တွင် ဦးညီပုအား ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)အရ စစ်တွေမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ်ချမှတ်သည်ဟု Thazin Legal Institute မှ တရားလွှတ်တော်ရှေ့နေ့ ဦးမျိုးမြတ်ဟိန်းက Western News ကိုပြောသည်။
“ဦးညီပုကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)အရ စစ်တွေမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပါတယ်။ ချုပ်ရက်တွေကိုတော့ ခံစားခွင့်ရှိပါတယ်။ သူကို ထောင်ကိုပြောင်းမပြောင်းဆိုတာက သူတို့ကိစ္စပါ။ ဒါပေမယ် ထောင်ချလိုက်ရင်တော့ ထောင်ကိုပို့ရမှာပါ”ဟုပြောသည်။
ဝန်ကြီးဟောင်းချုပ် ဦးညီပုသည် စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပထမဆုံးအကြိမ် ဖမ်းဆီးထိန်းသိမ်းခံရပြီး နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည်။
ယင်းနောက် ဖေဖော်ဝါရီလ ၉ ရက်နေ့က Facebook လူမှုကွန်ရက်ပေါ်တွင် “ပြည်သူသို့ပန်ကြားချက်”ခေါင်းစဉ်ဖြင့်စစ်အာဏာရှင်ကိုကန့်ကွတ်ကြောင်းဗွီဒီယိုတင်ခဲ့သည်အတွက် နောက်တစ်နေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ညနေပိုင်းအချိန်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ပူပေါင်းကာ နေအိမ်အတွင်း လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းခဲ့သည်။
ယင်းနောက်ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စစ်တွေမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်သိန်းက နိုင်ငံတော်အကြည် အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် စစ်တွေမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဝန်ကြီးချုပ်ဟောင်းဦးညီပုမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ) အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ ချမှတ်ခံရသည့်အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် အမှု ၃ ခုကို ရခိုင်ပြည်နယ်တရားလွှတ်တော်တွင်ရင် ဆိုင်နေရသည်။
https://www.facebook.com/westernnewsagency/posts/385326376607206