ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂)နှစ်ချမှတ်

By Narinjara/ 2021 October 8

ချစ်အိလှိုင်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)ဖြင့် ယနေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၂)ချမှတ်လိုက်ကြောင်း သိရသည်။

ဦးညီပုကို ယနေ့ အောက်တိုဘာလ ၈ ရက် နံနက်တွင် စစ်တွေမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၂)ချမှတ်လိုက်ခြင်းဖြစ်သည်ဟု အမှုလိုက်ရှေ့နေဖြစ်သည့် သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်းက အတည်ပြုသည်။

“ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုကို အလုပ်ကြမ်းနဲ့ထောင်ဒဏ်နှစ်နှစ်ချလိုက်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဦးညီပုကိုမေးကြည့်မှပဲ အယူခံတက်မတက်ကို သူ့သဘောထားနဲ့အညီ အယူခံတက်မှာပေါ့။ ဒီအမိန့်ပေါ်မှာ ဒီအမှုအပေါ် ဥပဒေနဲ့ညီမညီဆိုတာတွေကို သုံးသပ်ပြီးတင်ပြသွားမှာဖြစ်တယ်” ဟု ပြောသည်။

ယခုချမှတ်ခံလိုက်ရခြင်းနှင့်ပတ်သက်ပြီး မိသားစုဝင်များ၏သဘောထားအား ဆက်သွယ်နေဆဲဖြစ်သည်။

ဦးညီပုမှာ တပ်မတော်အာဏာသိမ်းသည့် ဖေဖော်ဝါရီ(၁) ရက်က နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခံခဲ့ရပြီး ပြန်လွတ်လာပြီးနောက် ၎င်း၏ ဖေ့စဘုတ်လူမှုစာမျက်နှာတွင် ပြည်သူသို့ပြန်ကြားချက်ဆိုသည့် မိန့်ခွန်းရုပ်သံကိုတင်ခဲ့သဖြင့် ဖေဖော်ဝါရီ(၁ဝ) ရက်တွင် စစ်တပ်နှင့် ရဲပူးပေါင်းအဖွဲ့၏ ထပ်မံဖမ်းဆီးခြင်းခံခဲ့ရသည်။

ယင်းနောက် ဖေဖော်ဝါရီလ ၁၅ ရက်တွင် စစ်တွေမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်သိန်းက တရားလိုလုပ်ကာ ၅ဝ၅(ခ)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဖမ်းဆီးခံထားရစဉ်မှာပင် နောက်ထပ် NLD အစိုးရလက်ထက် ဝန်ကြီး ၄ ဦးနှင့်အတူ ဂွမြို့နယ်အတွင်းရှိ ရွာမရပ်ကွက်နှင့် ကင်းရုံကြားသောင်ထွန်းလျက်ရှိသော ဂုံးသောင်ပေါ်တွင် တန်ဖိုးနည်းမြေကွက်ဖော်ဆောင်ရာ၌ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်မညီဘဲ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်မှုစွပ်စွဲချက်ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပေဒပုဒ်မ(၅၅)ဖြင့် ထပ်မံတရားစွဲခံထားရသည်။

ဦးညီပုအပါအဝင် ဝန်ကြီးဟောင်းများကို စွဲဆိုထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပေဒပုဒ်မ(၅၅)ဖြင့် အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4760145470664159

Leave a Reply

Your email address will not be published.