By Narinjara/ 2021 October 5
ချစ်အိလှိုင်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုရင်ဆိုင်နေရသည့်အမှုများအနက် ထောင် ၂ နှစ်အထိချမှတ်နိုင်သည့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)အမှုကို လာမည့်အောက်တိုဘာလ ၈ ရက်တွင် အပြီးသတ်အမိန့်ချတော့မည်ဟု သတင်းရရှိသည်။
ဦးညီပုအားစွဲဆိုထားသည့် ပုဒ်မ ၅ဝ၅(ခ)ကို ယနေ့ အောက်တိုဘာ ၅ ရက် နံနက်က စစ်တွေမြို့နယ်တရားရုံးတွင် ဗွီဒီယိုအွန်လိုင်းဖြင့် အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပြီးနောက် လာမည့်အောက်တိုဘာ ၈ ရက်တွင် အပြီးသတ်အမိန့်ချရန် ရုံးချိန်းခဲ့သည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်းက နိရဥ္စရာအား ပြောသည်။
“ဒီနေ့ ဦးညီပုရှေ့နေက အပြီးသတ်လျှောက်လဲချက်ပေး။ ၈ ရက်နေ့ အပြီးသတ်အမိန့်ချမယ်။”ဟု ပြောသည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)သည် ထောင်ဒဏ်အမြင့်ဆုံး ၂ နှစ်အထိချမှတ်နိုင်ကြောင်း သိရသည်။
ဦးညီပုသည် တပ်မတော်အာဏာသိမ်းသည့် ဖေဖော်ဝါရီ(၁)ရက်နေ့တွင် နေအိမ်အကျယ်ချုပ်ထိန်းသိမ်းခံခဲ့ရပြီး ပြန်လွတ်လာပြီးနောက် ၄င်း၏ ဖေ့စ်ဘုတ်လူမှုစာမျက်နှာတွင် ပြည်သူသို့ပြန်ကြားချက်ဆိုသည့် မိန့်ခွန်းရုပ်သံကိုတင်ခဲ့သဖြင့် ဖေဖော်ဝါရီ(၁ဝ) ရက်နေ့တွင် တပ်မတော်နှင့် ရဲပူးပေါင်းအဖွဲ့တို့၏ ထပ်မံဖမ်းဆီးခြင်းခံခဲ့ရသည်။
ယင်းနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ)ဖြင့် တရားစွဲဖမ်းဆီးခံခဲ့ရသည်။
တရားစွဲခံထားရစဉ်မှာပင် နောက်ထပ် NLD အစိုးရလက်ထက်မှ ရခိုင်ဝန်ကြီးဟောင်းလေးဦးနှင့်အတူ ဂွမြို့နယ်အတွင်းရှိ ရွာမရပ်ကွက်နှင့် ကင်းရုံကြား သောင်ထွန်းလျက်ရှိသော ဂုံးသောင်ပေါ်တွင် တန်ဖိုးနည်းမြေကွက်ဖော်ဆောင်ရာ၌ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်မညီဘဲ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်မှု စွပ်စွဲချက်ဖြင့် ဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ(၅၅)ဖြင့် ထပ်မံတရားစွဲခံခဲ့ရသည်။
https://www.facebook.com/narinjara.info/posts/4751108388234534