ဝန်ကြီးချုပ်ဟောင်းဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၂)နှစ်ချမှတ်

By Development Media Group (DMG)/ 2021 October 8

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို စွဲဆိုထားသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)အတွက် ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၂)နှစ်ချမှတ်လိုက်ကြောင်း ရှေ့နေထံမှ သိရသည်။

ဦးညီပုအား ဗွီဒီယိုအွန်လိုင်းစနစ်(Video Conferencing)ဖြင့် ယနေ့ရုံးထုတ်ပြီး တရားရုံးက အမိန်ချမှတ်လိုက်ကြောင်း သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်းကပြောသည်။

“ဒီနေ့မှာ သူ့ကိုစွဲဆိုထားတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ စစ်တွေမြို့နယ်တရားရုံးရဲ့တရားသူကြီးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်တယ်”ဟု ၎င်းကပြောသည်။

နိုင်ငံတော်အာဏာကို စစ်တပ်ကသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၂ ရက်အကြာတွင် ပြန်လွှတ်ပေးကာ နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။

ယင်းနောက် ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် ပြည်သူသို့ပြန်ကြားချက်ဗွီဒီယိုဖိုင်တစ်ခုကို လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့်ဖော်ပြခဲ့သဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၁၀ နာရီကျော်အချိန်တွင် စစ်တပ်မှ ဦးညီပုကို ထပ်မံဖမ်းဆီးခဲ့သည်။

စစ်တွေမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက တရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)ဖြင့် ဦးညီပုကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့သည်။

ယင်းသို့ဖမ်းဆီးခံရချိန်မှ ယနေ့ထိတိုင် ရှေ့နေများနှင့် လူချင်းတွေ့ခွင့်မရသေးသသို မိသားစုဝင်များနှင့်ပါ တွေ့ခွင့်မရသေးဘဲ (၈)လခန့်ကြာမြင့်ခဲ့ပြီးမှ ယင်းသို့ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

ဦးညီပုအမှုနှင့်ပတ်သက်၍ အယူခံတက်၊ မတက်ကို ၄င်းနှင့်လူချင်းတွေ့ဆုံပြီးမှ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်းက ပြောသည်။

“ဆက်ပြီးအယူခံတက်ဖို့ မတက်ဖို့ကတော့ ဦးညီပုနဲ့တွေ့ပြီးမှဘဲပြောရမှာဖြစ်တယ်။ သူ့ကိုစွဲထားတဲ့ အဂတိအမှုမှာတော့ လူကိုယ်တိုင်ရုံးထုတ်တယ်။ အဲဒီအခါတွေ့ဆုံပြီးမှ တုန့်ပြန်ရမှာဖြစ်တယ်”ဟု ၄င်းကပြောသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို နိုင်ငံတော်အကြည်အညိုပျက်စေမှုအပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃ ခုနှင့်လည်း တရားစွဲဆိုထားသည်။

ယင်းအဂတိအမှုတွင် စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်၊ စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်တို့လည်း ပါဝင်သည်။

https://www.facebook.com/dmgnewsagency/posts/2127782780707455

Leave a Reply

Your email address will not be published.