By Western News/ 2021 October 23

ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းနောက်ပိုင်းတွင် ထောက်ပံ့မှုတစ်စုံတရာမရရှိသည်မှာ ၉ လအထိ ကြာမြင့်လာပြီး လက်ရှိတွင် အကျပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်း ဝက်အင်းပေါက်ကျေးရွာတွင် ခိုလှုံနေကြသည့် ဒုက္ခသည်များက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ရခိုင်နှင့် ပလက်ဝတို့တွင် မြန်မာစစ်တပ်နှင့် AA တို့ အကြားတိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။ ယင်းနောက် ၂၀၁၉ ခုနှစ် ဧပြီလမှ စ၍ ရန်ကုန်တိုင်း လှည်းကူမြို့နယ် ဝက်အင်းပေါက်ကျေးရွာသို့ ရခိုင်ပြည်နယ် မြို့နယ် ၇ မြို့နယ်က စစ်ဘေးရှောင်းများ တစ်ဖြည်းဖြည်းနှင့် လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။
လှည်းကူးမြို့နယ် ဝက်အင်းပေါက်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်များမှာ စစ်တပ်ကအာဏာသိမ်းပြီနောက်ပိုင်း စားနပ်ရိက္ခာထောက်ပံ့မှုများ မရရှိတော့ဘဲ ပြင်ပအလှူရှင်များ၏ အနည်းငယ်သာထောက်ပံ့မှုဖြင့် ရပ်တည်နေရသည်ဟု စခန်းတာဝန်ခံ ဦးအေးလှိုင်က ပြောသည်။
“အာဏာမသိမ်းခင်တုန်းကတော့ ပြင်ပအလှူရှင်တွေက လာလှူကြတာတွေရှိပါတယ်။ စခန်းစတည်ကတည်းက အစိုးရက ထောက်ပံ့တာတော့မရှိခဲ့ပါဘူး။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ကို ပြင်အလှူရှင်တွေ လည်းလာလှူတာမရှိတော့ပါဘူး။ သံဃာအဖွဲ့တစ်ခုကပဲ ထောက်ပံ့မှုအနည်းငယ်ရပါတယ်။ စခန်းမှာရှိတဲ့သူတွေကတော့ ကြုံရာကျပန်းအလုပ်လုပ်ကိုင်ပြီး စားသောက်နေထိုင်နေကြပါတယ်”ဟုပြောသည်။
ယင်းပြင် ၂၀၁၉ခုနှစ် ဇွန်လခန့်က အစိုးရအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ချို့ ရောက်ရှိခဲ့ကြပြီး ရန်ကုန်တိုင်းဒေသတွင် တိုက်ပွဲဖြစ်ပွားမှုမရှိ၍ စစ်ဘေးရှောင်များမရှိသည့်အတွက် ထောက်ပံ့မှုများမပေးနိုင်ကြောင်းပြောဆိုမှု ရှိခဲ့သည်ဟု စစ်ဘေးရှောင်များကပြောသည်။
အဆိုပါ စစ်ဘေးရှာင်စခန်းတွင် ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲများပြင်းပြင်းထန်ထန် ဖြစ်ပွား၍ ဘူးသီးတောင်၊ ပေါက်တော၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံဖက်မှ ရခိုင်မျိုး နွယ်စုဖြစ်သည့် မြို၊ ခမီ၊ သက်၊ နှင့်ချင်းပြည်နယ်ပလက်ဝဖက်မှ စစ်ဘေးရှာင်အိမ်ထောင်စု ၃၀၀ နီးပါးခန့်ရှိပြီး လူဦးရေအားဖြင့် ၁၀၀၀ ကျော်ရှိသည်ဟုသိရသည်။
စစ်ဘေးရှောင်စခန်းရှိ လူဦးရေ ၁၀၀၀ ကျော်ခန့်တွင် ကလေးသူငယ် ၅၀၀ နီးပါးခန့်ပါရှိသော်လည်း ၎င်းတို့အတွက် ကျန်းမားရေးစောင့်ရှောက်မှု တစ်စုံတစ်ရာမရှိကြောင်းလည်း စစ်ဘေးရှောင်များကပြောသည်။
လက်ရှိတိုက်ပွဲများရပ်တန့်၍ နေရပ်ပြန်ချင်သော်လည်း ၎င်းတို့အတွက် တစ်စုံတစ်ရာအာမခံချက်မရှိသဖြင့် စစ်ဘေးရှောင်များမှာ နေရပ်မပြန်နိုင်ဘဲ လှည်းကူးမြို့နယ်တွင်ဆက်လက်နေထိုင်နေကြခြင်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/395365865603257