လူ ၄၅ ဦးနှင့်အတူ လူမှောင်ခိုစက်လှေတစ်စီးကို ကုလားတန်မြစ်အတွင်း ဖမ်းမိ

By Narinjara/ 2021 October 21

သဥ္ဇာနွယ်

မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် လူမှောင်ခိုစက်လှေတစ်စီးကို ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကုလားတန်မြစ်အတွင်း ယမန်နေ့က ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

အဆိုပါစက်လှေကို အောက်တိုဘာလ ၂ဝ ရက် နံနက် ၁၁ နာရီခန့်က ပုဏ္ဏားကျွန်းမြို့နယ်၊ ဗလီမော်ရွာအနီးရှိ ကုလားတန်မြစ်အတွင်း ရေတပ်နှင့် ပုဏ္ဏားကျွန်းမြို့ရဲစခန်းမှတာဝန်ကျသော ရဲတပ်ဖွဲ့ဝင်တို့က ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက နိရဥ္စရာကိုပြောသည်။

“ဖမ်းမိတဲ့သူကိုတော့ လောလောဆယ် မြို့မရဲစခန်းမှာ ထားထားပါတယ်”ဟု ပြောသည်။

အဆိုပါစက်လှေတွင် မူဆလင် ကျား ၆ ဦး၊ မ ၃၂ ဦး၊ ကလေး (ကျား) ၅ ဦး ၊ ကလေး (မ) ၂ ဦး၊ စုစုပေါင်း ၄၅ ဦးပါဝင်သည်ဟု သိရသည်။

၎င်းတို့ကို မလေးရှားနိုင်ငံသို့ရောက်ပါက ၃ လအတွင်း တစ်ဦးလျှင် လုပ်အားခ သိန်း ၆၀ ပေးရန် ရသေ့တောင်မြို့နယ် အာကာတောင်ကျေးရွာနေ လူပွဲစား ၂ ဦးနှင့် သဘောတူခဲ့ပြီးနောက် အာကာတောင်ကျေးရွာမှတစ်ဆင့် ထွက်လာရာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းတို့အား ဥပဒေအရအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ် ဗလီပေါက်ချောင်းအနီး ကုလားတန်မြစ်တွင် မလေးရှားနိုင်ငံသို့ တရားမဝင် သွားရောက်သည့် မူဆလင် ၃၀ ဦးနှင့် ရခိုင်လူမျိုး ၅ ဦးပါဝင်သော လူမှောင်ခို စက်လှေတစ်စီးကို ဖမ်းမိခဲ့သေးသည်။

https://www.facebook.com/narinjara.info/posts/4802388683106504

Leave a Reply

Your email address will not be published.