လူ ၃၅ ဦးနှင့်အတူ လူမှောင်ခိုစက်လှေတစ်စီးကို ကုလားတန်မြစ်အတွင်းဖမ်းမိ

By Narinjara/ 2021 October 9

သဥ္ဇာနွယ်

မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် လူမှောင်ခိုစက်လှေတစ်စီးကို ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကုလားတန်မြစ်တွင် ယမန်နေ့က ဖမ်းဆီးရမိခဲ့သည်ဟု သတင်းရရှိသည်။

အဆိုပါစက်လှေကို အောက်တိုဘာလ ၈ ရက် နံနက် ၁၁ နာရီခန့်က ပုဏ္ဏားကျွန်းမြို့နယ်၊ ဗလီပေါက်ချောင်းအနီး ကုလားတန်မြစ်အတွင်း ရေတပ်ကဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက နိရဥ္စရာကို အတည်ပြုပြောသည်။

“မှောင်ခို ဘင်္ဂါလီစက်လှေကို ရေတပ်ကဖမ်းမိတာ။ ပြီးတော့ ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းကို ပို့လိုက်တယ်”ဟု ပြောသည်။

အဆိုပါစက်လှေတွင် ဘင်္ဂါလီ ၃၀ ဦး၊ ရခိုင်ပြည်နယ် မြို့နယ် ၄ ခုမှ ရခိုင်လူမျိုး ၅ ဦး၊ စုစုပေါင်း ၃၅ ဦးတို့ပါဝင်သည်ဟု သိရသည်။

၎င်းတို့အထဲတွင် မိန်းမနှင့် ကလေးငယ် အများစုဖြစ်ပြီး မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန် တရားမဝင် တင်ဆောင် လာခြင်းဖြစ်သည်ဟု သိရသည်။

၎င်းတို့သည် ရသေ့တောင်မြို့နယ်၊ အာကာတောင်ကျေးရွာမှ ပွဲစားများနှင့် ချိတ်ဆက်ကာ မေယုမြစ်မှတစ်ဆင့် ရန်ကုန်သို့သွားမည်ဖြစ်ပြီး ရန်ကုန်မှတစ်ဆင့် မလေးရှားနိုင်ငံသို့သွားရန် အောက်တိုဘာ ၇ ရက် ည ၉ နာရီခန့်က ထွက်ခွာလာခြင်းဖြစ်သည်ဟုလည်း သိရသည်။

ဘူးသီးတောင်မြို့နယ်မှ လူပွဲစားများဖြစ်သည့် ရော်ဖီးဆိုသူနှင့် ရှော်ဖီးဘူလာ တို့က ၎င်းတို့အား တစ်ဦးလျှင် ငွေကျပ် ၁၈ သိန်းဖြင့် ရန်ကုန်မြို့အထိ ပို့ဆောင်ပေးရန် စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး ရန်ကုန်ကနေ မလေးရှားသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့အား ပုဏ္ဏားကျွန်းမြို့မရဲစခန်းတွင် ဥပဒေအရအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4763617610316945

Leave a Reply

Your email address will not be published.