By Western News/ 2021 October 10

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးစိန်ချစ်ကို ယမန်နေ့ အောက်တိုဘာလ ၉ ရက် ညဉ့် ၁၀ နာရီအချိန်တွင် ရဲတပ်ဖွဲ့ဝင်များက ဒွါရာဝတီမြို့သစ်နေအိမ်မှ ဖမ်းဆီးသွားကြောင်း မိသားစုဝင်များက ပြောသည်။
လက်ရှိအချိန်ထိ မည်သည့်အတွက်ကြောင့် လာရောက် ဖမ်းဆီးသည်ကို မသိရေသေးဟု ဇနီးဖြစ်သူ ဒေါ်ခင်နှင်းဖြူ က Western News ကိုပြောသည်။
“ဖမ်းသွားတာကတော့ မနေ့က ညဉ့်အချိန် ၁၀ နာရီလောက်ကပဲ။ မေးမြန်းစရာရှိတယ်ဆိုပြီးခေါ်သွားတယ်။ ရဲ ၇ ယောက်၊ ၈ ယောက်လောက်ပါတယ်။ တခြားလူတွေလည်းပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေလဲပါတယ်။ ကားနှစ်စီး၊ သုံးစီးလောက် ရှိမယ်။ အပြင်မှာ ရပ်ထားတယ်။ ဧည့်စာရင်းစစ်စရာရှိတယ်ဆိုပြီး လှမ်းခေါ်တာ။ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာတော့ မသိသေးဘူး”ဟုပြောသည်။
လက်ရှိတွင် ဦးစိန်ချစ်အား သံတွဲမြို့မရဲစခန်းတွင်ထိန်းသိမ်းထားပြီး လူချင်းတွေ့ခွင့်မရဘဲ အဝတ်အထည်များနှင့် မုန့်များကိုသာပေးခဲ့ရပြီး သံတွဲခရိုင်ပြည်သူ့ဆေးရုံသို့ ကိုဗစ်စစ်ရန်ခေါ်ဆောင်သွားသည်ဟု သိရသည်။
ပရဟိတလုပ်ဆောင်နေသူတစ်ဦးအား အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးသွားခြင်းကို စိတ်မကောင်းဖြစ်ရကြောင်း ဦးစိန်ချစ်၏ ညီမဖြစ်သူ မမေရီမွန်လင်းက ပြောသည်။
“အကိုက ပရဟိတအလုပ်ကိုပဲလုပ်တာ။ လူမှုရေးလုပ်တယ်။ ဒါမျိုးတွေပေါ့။ အခုလို ဘာမှမပြောဘဲနဲ့ ဧည့်စာရင်းစစ်မယ်ဆိုပြီး လည်ဂုတ်ဆစ်ကိုဆွဲပြီးတော့ ဖမ်းဆီးသွားတာကိုတော့ အရမ်းစိတ်မကောင်းဖြစ်မိတယ်”ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး သံတွဲမြို့မရဲစခန်းအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
ဦးစိန်ချစ်သည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ရခိုင့်ဦးဆောင်ပါတီ AFP ၏ သံတွဲမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် ၂ မှ ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ကာ လက်ရှိတွင် လူမှုရေးတက်ကြွလှုပ်ရှားနေသူတစ်ဦးလည်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/386704736469370