By Western News/ 2021 October 17
ရခိုင်မှ လူငယ်စာရေးဆရာတစ်ဦးဖြစ်သူ မင်းဒီပါ(မြို့ဟောင်းမြေ) ကို PDF နှင့်ဆက်စပ်သူဟုဆိုကာ အရပ်ဝတ်များဖြင့် ရဲတပ်ဖွဲ့များက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားသည့်အပေါ် စိုးရိမ်ကြောင်း မိသားစုများက ပြောသည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ စာရေးဆရာ မင်းဒီပါ(မြို့ဟောင်းမြေ) ကိုအောင်နိုင်မြင့်ကို အောက်တိုဘာ ၁၅ ရက်နေ့ နေ့လည် ၁ နာရီကျော် အချိန်ခန့်က နေအိမ်အတွင်းရှိနေစဥ် အရပ်ဝတ်ဖြင့် ရဲတပ်ဖွဲ့များက ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံလိုက်ရသည်ဟု မိသားစုဝင်များကပြောသည်။
ကိုအောင်နိုင်မြင့်ကို လာရောက်ဖမ်းဆီးစဥ်က အရပ်ဝတ်ဖြင့်လူ ၁၀ ဦးပါရှိပြီး မေးမြန်းစရာရှိသည်ဟုဆိုကာ ၄င်း၏ ဖုန်းကို အတင်းတောင်းယူပြီးရိုက်နှက်ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဖမ်းနေစဥ်အတူ ရှိနေသည့် အစ်မဖြစ်သူ မနုနုရီက Western News ကိုပြောသည်။
“ အဲဒီနေ့က ကျွန်မမောင်လေးက အိမ်သာတက်နေတာ။ အိမ်မှာက ကျွန်မရယ်၊ နောက်အစ်မကြီးရယ်၊ အမေရယ်ရှိတယ်။ အမေကနေမကောင်းလို့ အိပ်ရာပေါ်မှာလဲနေတယ်။ အဲဒီအချိန်မှာ လူဆယ်ယောက်က အိမ်ကိုဝင်လာတယ်။ ဒီအိမ်ကအောင်နိုင်မြင့်အိမ်လားလို့မေးတယ်။ ကျွန်မက အိမ်သာတက်နေတဲ့မောင်လေးကို ခေါ်လိုက်တယ်။ မောင်လေးရောက်လာတော့ ဖုန်းကိုတောင်းတယ်။ အဲဒီအချိန်မှာဘဲ ဝိုင်းလို့အတင်းဖမ်းကြတယ်။ ကျွန်မကလေး မောင်လေးကိုဆွဲတယ်။ အဲဒီမှာ လူ ၅ ယောက်က ကျွန်မရင်ဘတ်ကို သေနတ်နဲ့ထောက်ထားတယ်။ မောင်လေးကို နှစ်ချက် သုံးချက်ရိုက်နှက်တယ်။ ပြီးတော့ ကားပေါ်အတင်းဆွဲခေါ်သွားတယ်။ မြောက်ဦးရဲခစန်းကို ခေါ်သွားတာပါ”ဟု ပြောသည်။
ဖမ်းဆီးခံရသည့် ကိုအောင်နိုင်မြင့်မှာ (မာယာကင်းမဲ့ဇုန်)ဆိုသည့်ဝတ္ထုစာအုပ်ကို မင်းဒီပါ(မြို့ဟောင်းမြေ) ကလောင်အမည်ဖြင့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှစတင်ကာ Pop Choiceမှ ဖြန့်ချီကာရောင်းချခဲ့သည်ဟု အစ်ကိုဖြစ်သူ ကိုအောင်မြင့်ကပြောသည်။
“ကျွန်တော့်ညီက စာရေးဆရာတစ်ဦးဖြစ်တယ်။ အိမ်မှာနေရင်လည်း အမြဲတမ်းစာဖတ်တယ်။ စာရေးတယ်။ ဘာအဖွဲ့နဲ့မှလည်း မဆက်သွယ်ဘူး။ PDF ဆိုလား အဲဒီအဖွဲ့နဲ့လည်း လုံးဝအဆက်အသွယ် မရှိဘူး။ ရိုးရိုးသားနဲ့ အေးအေးဆေးဆေးနေတတ်သူပါ။ အခုလိုဖမ်းဆီးခံရတဲ့အပေါ်စိုးရိမ်တယ်”ဟုပြောသည်။
ကိုအောင်နိုင်မြင့်ကို ဖမ်းဆီးသွားသဖြင့် မြောက်ဦးရဲစခန်းသို့သွားရောက်ခဲ့ရာ ဖမ်းသည့်ထဲမှာပါသည့် ရဲ အရာရှိတစ်ဦးက အထက်က ဖမ်းခိုင်လိုက်သဖြင့်ဖမ်ဆီးရခြင်းဖြစ်ပြီး တနင်္လာနေ့တွင် ပြည့်ပြည့်စုံစုံ သိရှိရမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်ဟု အစ်မကြီးဖြစ်သူ ဒေါ်ခိုင်အေးရီကပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မည်သည့်အတွက်ကြောင်း ဖမ်းဆီးထားသည်ကိုသိရှိလို၍ Western News မှ မြောက်ဦးရဲစခန်းကို ဆက်သွယ်ခဲ့သော်လည်းဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။
ပြီးခဲ့သည့်အောက်တိုဘာ ၉ ရက်နေ့ကလည်း သံတွဲမြို့မှ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသူ ဦးစိန်ချစ်ကို ရဲတပ်ဖွဲ့က PDF နှင့် ဆက်သွယ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၀(က)၊ ၅၂(က)တို့ဖြင့် စစ်ကောင်စီအရာရှိတစ်ဦးက သံတွဲမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားသည်။
https://www.facebook.com/westernnewsagency/posts/391522745987569