လမ်းလုပ်သူများနှင့် လမ်းဖျက်သူများ

By Development Media Group (DMG)/ 2021 October 8

( ဆောင်းပါး)

စက်တင်ဘာလအစောပိုင်းက ဆင်စွယ်ရတစ်ရွာလုံး လမ်းလုပ်နေကြသော ဓါတ်ပုံများကို လူမှုကွန်ရက်ပေါ်တွင် တွေ့ရှိခဲ့ရသည်။ ပျက်နေသောလမ်းမှာ ရွှံ့တော၊နွံတောများဖြစ်နေပြီး ခြေချစရာပင်မကောင်းလှပေ။ ထိုလမ်းတလျှောက်တွင် ကားကြီး၊ကားငယ်တို့၏ ဘီးကျွံရာများ၊ ဆိုင်ကယ်ဘီးလမ်းကြောင်းများသည် ရေမြောင်းသဖွယ်ဖြစ်နေကြပြီး ကြည့်ရအလွန်ဆိုးပေသည်။

ဆင်စွယ်ရရွာကလေးသည် ဘူးသီးတောင်မြို့နယ်၏ အနောက်ဘက် (၁၀)မိုင်ခန့်အကွာတွင်တည်ရှိသော ရခိုင်မျိုးနွယ်စုဝင် သက္ကမတိုင်းရင်းသားတို့၏ ရွာငယ်တစ်ရွာဖြစ်သည်။ မယူတောင်ရင်းတွင် တစ်ရွာတည်း အထီးကျန် တည်ရှိနေခြင်းလည်းဖြစ်သည်။ ထိုရွာသားတို့သည် တောင်ယာလုပ်ကိုင်စားသောက်ပြီး အေးချမ်းစွာနေထိုင်ကြသည်။ ကားကြီး၊ ကားငယ်များဖြင့် စီးပွားရေးလုပ်စားကြသူများ မဟုတ်ကြချေ။ သို့သော်လည်း ထိုရွာသို့ဝင်သော လမ်းကလေး၌ ကားကြီးကားငယ်တို့၏ ဘီးရာများကရှိနေခြင်းမှာ အဘယ်ကြောင့်နည်း။

လူမှုကွန်ရက်ပေါ်တွင်တွေ့ရသော ဓါတ်ပုံများသည် ကားကြီးကားငယ်တို့ ဥဒဟိုသွားလာခဲ့ကြသောကြောင့် ပျက်စီးနေသောလမ်းအား ရွာသူရွာသားများမှ စုပေါင်းညီညာစွာဖြင့် လမ်းဆည်ခြင်းကုသိုလ်ကိုယူနေကြခြင်းဖြစ်သည်။ ငါးနှစ်အရွယ်ကလေးကအစ အသက်(၄၀)ကျော်အရွယ်များအထိ ပေါက်တူးနှင့်မြေပေါက်ခြင်း၊ မြေစာများကိုထမ်းခြင်း၊ ထိုမြေများအား လမ်းတွင်ဖာခြင်း၊ မြောင်မှ ကျောက်များအားကောက်၍ လမ်းခင်းခြင်းများကို ပျော်ရွှင်စွာ လုပ်နေကြလေသည်။ ထိုပုံများအားမြင်တွေ့ရသောအခါ ပြီးခဲ့သည့်နွေရာသီက ထိုရွာသို့ရောက်ရှိခဲ့သည်ကို ပြန်လည်အမှတ်ရလာမိသည်။

ပြီးခဲ့သည့်နွေရာသီတစ်ရက်က စာရေးသူတို့အုပ်စု ဤရွာသို့ရောက်ရှိခဲ့ကြသည်။ စာရေးသူတို့အုပ်စုတွင် ဘူးသီးတောင်မြို့နယ်မှ စာရေးဆရာများနှင့် ရန်ကုန်မှ သဇင်ပန်းခိုင်ဂျာနယ် အယ်ဒီတာချုပ်လည်း ပါဝင်သည်။ ထိုရွာအနီးဝန်းကျင်ရှိ င/ကျဉ်တောက်ရွာတွင် သမိုင်းဝင်ဒူးဆစ်တော်ဓါတ်စေတီဟောင်းတစ်ဆူရှိသည်။ ထိုစေတီအား လေ့လာရေးသွားခြင်းမှ ဤဆင်စွယ်ရရွာငယ်သို့ ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။ ဆင်စွယ်ရဆရာတော်မှလည်း ရောက်ဖူးသည်ရှိအောင် ဖိတ်ခေါ်သည့်အတွက် သွားဖြစ်ခဲ့ကြခြင်းလည်းဖြစ်သည်။

င/ကျဉ်တောက်ဈေးအနီးမှ ထိုရွာသို့ဝင်သောလမ်းကလေးသည် လမ်းကြမ်းဖြစ်သည်။ ဖုန်ထူထပ်၍ စာရေးသူတို့၏ ကားကလေးမှာ လမ်းကိုပင် ကောင်းစွာမမြင်ရချေ။ ရွာနီးသို့အရောက်တွင် လမ်းမှာ လုံးဝပျောက်နေလေသည်။ သို့သော် ရွာအနောက်ဘက်ရှိ မယူတောင်ကြီးသို့ဖောက်ထားသော ယာယီလမ်းတစ်ခုကို ထင်ရှားစွာမြင်ရပါသည်။ ထိုလမ်းသည် ဖုန်တစ်ထွာလောက်ကျွံလေသည်။ ထိုလမ်းအတိုင်း ဝင်လာသောအခါ တိုက်ခတ်နေသော မြောက်လေကြောင့် ဆင်စွယ်ရရွာကလေးသည် ဖုန်ကြားတွင် မြုပ်လိုက်ပေါ်လိုက်ဖြစ်နေလေသည်။ ရွာသားတို့သည် ပြတင်းများကို ပိတ်သူပိတ်၊ မျက်နှာကို အဝတ်စနှင့်ဖုံးသူဖုံးကြလေသည်။ ထိုရွာသားများအားကြည့်ပြီး မိမိတို့မှာ အားနာမိကြသည်။ ဤလမ်း မည်သည့်အတွက်ကြောင့် ဤမျှလောက်ဆိုးနေရပါသနည်း။

ဆင်စွယ်ရဆရာတော်အား ဖူးတွေ့ပြီးသောအခါ ကျောင်းနံဘေးရှိကွပ်ပျစ်တစ်ခုတွင် ဝိုင်း၍ထိုင်ကြလေသည်။ ထိုကွပ်ပျစ်တွင် စကားဖောင်ဖွဲ့ပြီး မယူလေ(မယူတောင်တန်းကြီးဘက်မှ တိုက်ခတ်လာသောလေ)သန့်သန့်ကို တဝကြီးရှူရှိုက်ကြလေသည်။ ထိုလေများသည် အေးစိမ့်မနေဘဲ အပူငွေ့များပါသောကြောင့် “မယူတောင်ကြီးထဲကို ရောက်နေပါလျက် အေးမြမှုမရှိပါလား”ဟု တွေးမိခဲ့ပါသည်။ ထိုနေရာမှ မယူတောင်ကြီးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ မယူတောင်ကြီးသည် တုံးတုံးတိတိနှင့် မိုးရာသီခေါင်ခေါင်တွင် သစ်ခြောက်ရောင်သန်းနေလေသည်။ အေးမြမှုကိုပေးစွမ်းနိုင်သည့် သစ်ပင်ကြီးများ လုံးဝမရှိဟုဆိုချင်သည်။ အစားထိုး စိုက်ပျိုးမှုများလည်း မတွေ့ရသည့်အတွက် မယူတောင်ကြီးသည် ခြောက်ကပ်ပြီး တောင်ခေါင်းတုံးဖြစ်နေလေသည်။

မယူတောင်ကြီး ဤသို့ဖြစ်နေရခြင်းမှာ အတားအဆီးမဲ့ သစ်ခုတ်သူတို့ကြောင့်ဟု ဆိုရပါမည်။ စာရေးသူတို့ ဖြတ်သန်းလာခဲ့သော ဖုန်ထူလမ်းသည်လည်း ရွာဝင်လမ်းမဟုတ်ဘဲ တောင်ဖြိုလမ်းဖြစ်နေသည်ကို သိရှိခဲ့ရသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုမသိ၊ ဂေဟစနစ်ပျက်စီးမှုကိုလည်း ဂရုမစိုက်ကြသည့် ဝိသမလောဘသားတို့၏ မီးသွေးတင်ကား၊ အုတ်ဖုတ်ထင်းတင်ကားတို့ နေ့စဉ်နှင့်အမျှသွားလာနေကြသောကြောင့် လမ်းမှာပျက်စီးနေရခြင်း ဖြစ်သည်။ ထိုကားကြီး၊ကားငယ်များ မနားတမ်းသွားလာနေကြခြင်းကြောင့် လမ်းပျက်ပြီး ဖုန်ထူထပ်နေခြင်းဖြစ်သည်။

ထိုလမ်းသည် လောဘသားတို့အတွက် ငွေဝင်လမ်းဖြစ်နေပြီး ရွာသူရွာသူများအတွက်မူ ငွေထွက်လမ်း ဖြစ်နေရလေသည်။ အဘယ့်ကြောင့်ဆိုသော် ကားတစ်စီးဖြတ်သွားတိုင်း ဖုန်လိပ်ကြီးများသည် တစ်ရွာလုံးကို ဖုံးအုပ်ကြသောကြောင့် ရွာသားအများစုမှာ အဆုပ်ရောဂါကိုခံစားကြရသည်။ ရောဂါဖြစ်လျှင် ငွေကုန်၍ ငွေထွက်လမ်းဟု ဆိုခြင်းဖြစ်ပါသည်။ ပို၍စိတ်မကောင်းစရာမှာ ရွာသားများသည် ရွာကိုတဖြည်းဖြည်းစွန့်ခွာ လာကြခြင်းပင်ဖြစ်သည်။ တချိန်က အိမ်ခြေ(၁၀၀)ကျော်ရှိသော ရွာကလေးမှာ ယခုအခါတွင် (၁၀၀)ပင်မပြည့်ချင်ပြီဟု သိရသည်။ မြို့နှင့်နီးသောရွာဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး အဆင်ပြေမချောမွေ့သော၊ နွေရာသီတိုင်း ခံစားကြရသည့် ဖုန်ဒဏ်ကိုမလိုချင်သော စသည့်အကြောင်းပြချက်များကြောင့် ရွာမှာတဖြည်းဖြည်း အိမ်ခြေနည်းလာခြင်း ဖြစ်ပေမည်။

ဤမျှလောက်ဖုန်ထူသောလမ်းသည် မိုးရာသီတွင် မည်သို့ရှိမည်ကို မတွေးဝံ့ခဲ့ချေ။ ယခုအချိန်တွင် လူမှုကွန်ရက်ပေါ်၌ တွေ့မြင်နေရပြီဖြစ်သည်။ သို့သော်လည်း လမ်းဖျက်သူတို့ မြင်ကြလိမ့်မည်မဟုတ်ချေ။ မြင်သော်လည်း မမြင်သလို နေကြပေလိမ့်မည်။ ပရဟိတစိတ်ရှိသော ရွာသားတို့ တစ်မိုးလုံးပြုပြင်ထားကြသောလမ်းအား အတ္တဟိတသမားတို့ တစ်နွေလုံးဖျက်ဆီးရန် တာဆူ၍ရှိနေကြလိမ့်မည်။ လောက၌ လူတချို့သည် မိမိတို့၏ကောင်းကျိုးကိုသာ ကြည့်တတ်ကြပြီး တစ်ပါးသူတို့အား ဂရုမစိုက်တတ်ကြချေ။ တာဝန်ယူမှု တာဝန်ခံမှု ပျက်ကွက်တတ်ကြသည်။ ဤလမ်းအား ဖျက်ဆီးနေသူများသည် လမ်းတစ်ခုတည်းကို ဖျက်ဆီးနေခြင်းမဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်၏ ဂေဟစနစ်တစ်ခုလုံးကို ဖျက်ဆီးနေကြခြင်းလည်းဖြစ်သည်။

ဤသို့လမ်းဖျက်သူများ ရခိုင်ပြည်နေရာအနှံ့တွင် ရှိနိုင်သည်။ ထိုသူတို့အား တားဆီးမှုများပြုလုပ်နိုင်လျှင် သဘာဝပတ်ဝန်းကျင်၏ ကောင်းကျိုးကို ပြန်၍ခံစားကြရပေမည်။ သဘာဝတောင်တန်းကြီးများ ပြန်၍စိမ်းလန်း စိုပြည်လာမည်။ သစ်ပင်များ ပြန်လည်ရှင်သန်လာခြင်းကြောင့် အေးမြမှုကိုပို၍ခံစားကြရမည်။ ရာသီဥတု မှန်လာမည်။ နွေရာသီတိုင်း ရေရှားပါးမှုဒုက္ခမှ လွတ်ကြမည်။ ကမ္ဘာကြီးပူနွေးလာမှုကို အနည်းငယ်သက်သာစေမည်။ ဆင်စွယ်ရကဲ့သို့ရွာကလေးများ ပြန်လည်စည်ကားလာပေမည်။ ထိုသို့ကောင်းကျိုးများ ခံစားကြရမည်ကို သိရှိကြသော်လည်း ထိရောက်သော ပိတ်ပင်တားဆီးမှုများကို မတွေ့ရချေ။ ဤသည်မှာ လုပ်ပိုင်ခွင့်ရှိသူတို့၏ အားနည်းချက်များပင်ဖြစ်သည်။ တစ်မျိုးသားလုံးကောင်းစားရေးအတွက် ဤသို့အားနည်းချက်များအား ပြုပြင်ပေးကြရန်လိုအပ်သည်။ လမ်းဖျက်သူများကိုလည်း အသိတရားများ ရရှိစေချင်သည်။ မိမိတို့၏လောဘကြောင့် တစ်ရွာလုံး ဒုက္ခခံစားနေရခြင်းက ဝမ်းနည်းစရာပင်မဟုတ်လား။

မောင်မေယု(ဘူးသီးတောင်)

https://www.facebook.com/dmgnewsagency/posts/2127873684031698

Leave a Reply

Your email address will not be published.