လမ်းများ ပျက်စီးမှုကြောင့် ကညင်ချောင်းစီးပွားရေးဇုန်မှ ကုန်သွယ်မှု မလုပ်ဘဲ အမှတ် ၁ စခန်းမှ ကုန်သွယ်မည်

By Western News/ 2021 October 14

အောက်တိုဘာ ၁၃ ရက်နေ့ကပြန်ဖွင့်ထားသည့် မောင်တောမြို့ရှိ ကညင်ချောင်း စီးပွားရေးဇုန်မှ ကုန်သွယ် မှုမလုပ်နိုင်ဘဲ ဘုတ်ဆိပ် အမှတ် (၁) အဝင်အထွက်စခန်း(POE)မှ ကုန်သွယ်မှုများပြုလုပ်သွားမည်ဟု မောင်တော နယ်စပ် ကုန်သွယ်ရေးမှတာဝန်ရှိသူများကပြောသည်။

လတ်တလောတွင် ကညင်ချောင်းစီးပွားရေးဇုန်မှ ကားအဝင်အထွက်ပြုလုပ်သည့် လမ်းများသွားလာရအဆင်မပြေသည့်အတွက် ကုန်သွယ်မှုကို (POE) နေရာမှကုန်သွယ်မှုပြုလုပ်ရခြင်းဖြစ်သည်ဟု မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းဥက္ကဌ ဦးအောင်မြင့်သိန်းက Western News ကိုပြောသည်။

“လမ်းတွေပျက်စီးနေတော့ လက်တလောမှာ အဲ့ဖက်က ကုန်သွယ်မှုမလုပ်သေးတဲ့ သဘောပါ။ ကျွန်တော်က နယ် စပ်ကုန်သွယ်မှုတွေပြန်ဖွင့်လိုက်တဲ့အခါ ကုန်စည်တွေစီးဆင်းမှုတွေမပြတ်အောင်အတွက် အဲ့( POE) ကစပြီး ကုန် သွယ်တာပေါ့။ တစ်ဖက်မှာ ကျွန်တော်တို့ ပြည်နယ်ကောင်စီနဲ့ ဆွေးနွေးမယ်လမ်းကို ကွန်ကရက်လမ်းခင်း မ လား။ ဘယ်လိုမျိုး လုပ်ရင်အဆင်ပြေမလဲပေါ့”ဟုပြောသည်။

ယင်းပြင် ဘင်္ဂလားဒေ့ရှ်ဖက်မှ ကုန်သွယ်၍ ပြန်လာသူများ ကွာရန်တင်းဝင်ရန်အတွက် အဆိုပါ POE ကွာရန်တင်းစင်တာများပြုလုပ်ထားပြီးဖြစ်ကြောင်းလည်း ဦးအောင့်မြင့်သိန်းကပြောသည်။

ရခိုင်တွင် ဘင်္ဂလားဒေ့ရှ်နှင့်ကုန်သွယ်မှုပြုလုပ်နေသည့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း၊ ကညင်ချောင်း စီးပွားရေးဇုန်နှင့် ရွှေမင်းဂံကုန်သွယ်ရေးစခန်းတို့ရှိသည်။

အဆိုပါကုန်သွယ်ရေးစခန်းများကို ပြီးခဲ့သည့် ကိုဗစ်တတိလှိုင်းအတွင်း ကိုဗစ်ကူးစက်မှုမပြန့်ပွားစေရန်အတွက် ဇူလိုင်လ ၁၅ ရက်မှစပြီး အောက်တိုဘာ ၁၂ ရက်အထိ ၃ လနီးပါးကြာပိတ်ထားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပိတ်ထားရသည့် ကာလအတွင်း ကုန်သွယ်မှုတန်ဖိုးအမေရိကန်ဒေါ်လာ ၁၇ သိန်းခန့်ကုန်သွယ်မှု နစ်နာခဲ့ ပြီး လက်ရှိတွင်ကုန်သွယ်မှု များအမြန်ဆုံးလုပ်ဆောင်နိုင်ရန်ဆောင်ရွက်နေပြီဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးတင်အောင်ဦးကပြောသည်။

“၂၀၂၀တုန်းက ပိတ်ထားသည့် ကုန်သွယ်ရေးစခန်းတွေကို ဧပြီလတုန်းက ပြန်ဖွင့်တော့ ကျွန်တော်တို့ ကညင် ချောင်းဇုန်နဲ့ရွှေမင်းဂံ နှစ်ခုပေါင်းက ဒေါ်လာ ၁၇ သိန်းဖိုးလောက်ကုန်သွယ်နိုင်ခဲ့တယ်။ ဒီကိုဗစ် တတိယလှိုင်းမှာ လည်း ၃ လနီးပါးပိတ်ထားတော့ အဲ့တန်ဖိုးလောက်နစ်နာမှာပေါ့။ ခုပြန်ဖွင့်တော့ ကျွန်တော်တို့ကုန်သွယ်မှုတွေ လုပ်ဆောင်ဖို့စတင်နေပါပြီ”ဟုပြောသည်။

ရခိုင်နယ်စပ်ကုန်သွယ်ရေးဂိတ်များမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ကြက်သွန်၊ နနွင်း၊ ဂျင်းစသည့်စိုက်ပျိုးရေးထွက် ကုန်များ၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းမှလာသည့်ရေချိုငါးများနှင့်၊ စက်မှုကုန်ပစ္စည်း များဖြစ်သည့် ဇီးယိုထုတ်များပါတင်ပို့ကြောင်းသိရသည်။

နယ်စပ်ကုန်သွယ်မှုများကို ကိုဗစ် တတိယလှိုင်းကြောင့် ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်နေ့က ပိတ်ထားခဲ့ရပြီး အောက်တိုဘာ ၁၃ ရက်နေ့က ပြည်ထောင်စုက ခွင့်ပြုချက်ရ၍ ပြည်လည်ဖွင့်လှစ်ထားခြင်းဖြစ်သည်။

အဆိုပါ ကညင်ချောင်းစီးပွားရေးဇုန်မှာ ယခုနှစ် မေလ ၁၂ ရက်နေ့က စတင်ကာကုန်သွယ်မှုပြုလုပ်ခြင်းဖြစ်ပြီး ဇူလိုင် ၁၅ ရက်တွင်ပြန်ပိတ်လိုက်သည့်အတွက် ၂ လ ခန့်သာကုန်သွယ်မှုပြုလုပ်ခဲ့သည်။ ယင်းကုန်သွယ်မှု ပြုလုပ် ခဲ့သည့် ကာလအတွင်းတွင် လမ်းများ ပျက်စီးသွားခြင်းဖြစ်သည်။

ကညင်ချောင်း စီးပွားရေးဇုန်အား ပြည်နယ်အစိုးရအဖွဲ့နှင့် ကညင်ချောင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပ ဏီလီမိတက် (KED)တို့ပူးပေါင်းကာ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ရခိုင်ပြည်နယ် အစိုးရက ကျပ်သိန်း ၁၅၀၀၀ နှင့် KED ကုမ္ပဏီက ကျပ်သိန်း ၈၀၇၀ ဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၂၀၁၉ – ၂၀၂၀ ခုနှစ်တွင် အစိုးရက သိန်း ၁၀၀၀၀၊ KED ကုမ္ပဏီက ကျပ်သိန်း ၅၄၀၀ ဖြင့်ဆက်လက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကညင်ချောင်း စီးပွားရေးဇုန်မှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိပ်ကမ်းနှင့် ၄ မိုင်ခန့်သာ ကွာဝေးပြီးယခင်အစိုးရ လက်ထက်က မြေဧက ၅၀ ခန့်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်မှစတင်ကာ ကုန်သွယ်ရေးဇုန်အဖြစ် စတင်အကောင် အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/389672396172604

Leave a Reply

Your email address will not be published.