ရှေးဟောင်းနယ်မြေတစ်ခုဖြစ်သည့် လင်းမြွေတောင်တန်းတွင် တရားမဝင်ကျောက်ထုတ်လုပ် ရောင်းချမှုများလုပ်နေ၍ ဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိနေ

By Western News/ 2021 October 27

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်နိမိတ်တွင်ရှိသည့် လင်းမြွေတောင်တန်းတွင် တရားမဝင်ကျောက်ထုတ်လုပ် ရောင်းချမှုများပြုလုပ်နေသည်မှာ ဆိုးရွားသည့်အခြေနေသို့ရောက်ရှိနေပြီဖြစ်သည်ဟု ၎င်းတောင်အနီးအနားတွင် နေထိုင်ကြသည့် ဒေသခံများမှပြောသည်။

လင်းမြွေတာင်တန်းနှင့်နီးသည့် ကျေးရွာတစ်ခုဖြစ်သည့် ထိပ်ဝပြင်ကျေးရွာမှအုပ်ချုပ်ရေးမှူး ဦးဘမောင်က တောင်မှ ကျောက်များထုတ်ရောင်းချနေကြသည်မှာကြာနေပြီဖြစ်ပြီး တောင်အခြေအနေမှာလည်း ရုပ်ပျက် ဆင်းပျက် အနေအထားသို့ရောက်ရှိနေသည်ဟု ပြောသည်။

“ဒီတောင်က ဘုရားလည်းတည်ထားတာရှိတယ်။ ပြီးတော့ ရှေးသုနယ်မြေလည်းဖြစ်တယ်။ သူတို့ကိုအရင်ကလည်း ပြောပါတယ် ပြောလို့မရဘူး။ ခုဆိုကျောက်ထုတ်တာတွေကြောင့် တောင်ကရုပ်ပျက်ဆင်းပျက်တောင်ဖြစ်နေပြီ” ဟုပြောသည်။

လင်းမြွေေတောင်အနီးပတ်ဝန်းကျင်တောင်တန်းများအား ယဉ်ကျေးမှုအမွေအနှစ်နှင့်မဆိုင်ဟုဆိုကာ ဘက်ဟိုးကားများ ဖြင့်တူးဖော်မှုများရှိနေပြီး သဘာဝပတ်ဝန်းကျင်ရှုထောင့်ဖြင့်ကြည့်လျှင်လည်း ထိခိုက်မှုရှိသည်ဟု မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ပြောသည်။

“ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးက တစ်တန်းတည်းတည်ရှိနေတာလေ။ ကမ္ဘာမှာထူးထူးဆန်းဆန်းက Archaeological Platform (ရှေးဟောင်းသုတေသသနနှင့်ဆိုင်သော) အနေနဲ့တည်ရှိနေတာဖြစ်တယ်။ အဲဒီထဲက နေ ဒုတိယဓညဝတီခေတ်ထွန်းကားခဲ့တယ်လို့ဆိုတဲ့ အထောက်အထားတွေဟာ လင်းမြွေတောင်ပတ်ဝန်းကျင် ဖြစ်တယ်။ အဲဒီနားက တောင်တန်းတွေကို ယဉ်ကျေးမှုအမွေနှစ်နဲ့ မဆိုင်ဘူးဆိုပြီး ​ဘက်ဟိုးကားကြီးတွေနဲ့တူးနေ ကြတယ်။ အရင်တုန်းကလည်း တားပြီးပြီ။ မရဘူး ခုထိလုပ်နေကြတုန်းပဲ။ ဒါဟာ သဘာဝပတ်ဝန်းကျင်ဘက်က ကြည့်ရင်လည်း တောင်တွေကိုခုလိုဖြိုနေတာဟာ ပတ်ဝန်းကျင်လည်းထိခိုက်စေတယ်” ဟုပြောသည်။

အဆိုပါတောင်တန်းတွင် ကျောက်ထုတ်လုပ်နေသည့် တိန်ညိုကျေးရွာမှ ကိုကျော်မြင့်ချေက ယခုကဲ့သို့လုပ်ဆောင် နေသည်မှာ ၁၀ နှစ်ခန့်ရှိပြီဖြစ်ပြီး စလုပ်သည့်အချိန်မှစ၍ မြောက်ဦးထွေအုပ်ရုံးတွင် လိုင်စင်ဆောင်ထားပြီးဖြစ် သည်ဟုပြောသည်။

“ဒီမှာလုပ်နေကြတာတော့ ၇ ဖွဲ့လောက်ရှိပါတယ်။ ကျောက်ကတော့ ကားတစ်စင်းကို ၃ သောင်းလောက်ရတယ်။ လုပ်နေတာတော့ ၁၀ နှစ်လောက်ရှိပါပြီ။ ကျောက်ကတော့ ဒေသဖွံ့ဖြိုးရေးလုပ်ရင် ဝယ်ကြတာရှိပါတယ်။ ဒီလုပ်ငန်းကတော့ ကျတော်တို့စလုပ်ကတည်းက မြောက်ဦးထွေအုပ်ရုံးမှာ လိုင်စင်ဆောင်ထားပြီးသားပါ” ဟုပြောသည်။

ကျောက်ထုတ်လုပ်ငန်းအား လိုင်စင်ဆောင်ထားသည်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ မြောက်ဦးမြို့အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံးအား မေးမြန်းရာ ၎င်းလုပ်ငန်းများနှင့်ပတ်သက်၍ လိုင်စင်ပြုလုပ်ထားမှုမရှိဟု မြောက်ဦးမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးကိုကိုမောင်က ဖြေဆိုသည်။

လင်းမြွေတောင်တန်းမှာ မြောက်ဦး-ကျောက်တော်ကားလမ်းဘေးတွင်တည်ရှိပြီး တောင်ပေါ်တွင် စေတီတည်၍ရှိကာ ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့ကြားတိုက်ပွဲဖြစ်ပွားချိန်မှစ၍ လက်ရှိချိန်ထိ စစ်တပ်မှ တပ်စွဲနေရာယူ ထားဆဲဖြစ်သည့် နေရာတစ်ခုလည်းဖြစ်သည်။

Western News – Posts | Facebook

Leave a Reply

Your email address will not be published.