ရွှေပြည်တန်ရေယာဉ်ပေါ်တွင် ကိုယ်ဝန်ဆောင်ခရီးသည်တစ်ဦး ကလေးမွေးဖွား၊ ကလေးနှင့် မိသားစုကို ရွှေပြည်တန်ရေယာဉ် တစ်သက်တာ အခမဲ့စီးခွင့်ပေးမည်

By Narinjara/ 2021 October 9

ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှ စစ်တွေမြို့သို့ ထွက်ခွာလာသည့် ရွှေပြည်တန်အမြန်ရေယာဉ်ပေါ်တွင် ကိုယ်ဝန်ဆောင်ခရီးသည်အမျိုးသမီးတစ်ဦးမှ ကလေးမွေးဖွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါကိုယ်ဝန်ဆောင်အမျိုးသမီးမှာ မင်းပြားမြို့၊ ဥက္ကာပျံရပ်ကွက်မှ ဒေါ်လှသန်းမေ (၃၂ နှစ်)ဖြစ်သည်။

ကိုယ်ဝန်အား ဆေးခန်းပြရန် ယနေ့ အောက်တိုဘာ ၉ ရက် နံနက်က ရွှေပြည်တန်အမြန်ရေယာဉ်ဖြင့် စစ်တွေသို့ လာရောက်စဉ် စစ်တွေမြို့အဝင်၌ ရေယာဉ်ပေါ်တွင် ကလေးမွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကလေးငယ်မှာ ယောက်ျားလေးဖြစ်ပြီး ရေယာဉ်ပေါ်ပါလာသည့် NGO ကျန်းမာရေးဝန်ထမ်းခရီးသည်နှင့် ရေယာဉ်ဝန်ထမ်းများက ကူညီမွေးဖွားပေးခဲ့ရသည်ဟု အဆိုပါရေယာဉ်လိုင်းမန်နေဂျာ ဦးစံမော်သိန်းက ပြောသည်။

ကလေးငယ်နှင့် မိသားစုကို အဆိုပါရေယာဉ်အား တစ်သက်တာလုံးအခမဲ့စီးခွင့်ပေးသွားမည်ဟုလည်း ပြောသည်။

“အားလုံးကျန်းကျန်းမာမာလို့သိရတယ်။ ကျွန်တော်တို့ သင်္ဘောကလူတွေလည်း ဆေးံလိုက်သွားကြတယ်။ အဲဒီကလေးနဲ့မိသားစုကတော့ ရွှေပြည်တန်ကို အမြဲတမ်း အခမဲ့စီးလို့ရသွားပြီပေါ့” ဟုပြောသည်။

ကလေးနှင့် မိခင်အား ရွှေရောင်မေတ္တာဖောင်ဒေးရှင်း၏ ကားဖြင့် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

ကလေးငယ်နှင့် မိခင်မှာ ကျန်းကျန်းမာမာဖြင့် စစ်တွေဆေးရုံကြီးသို့ရောက်ရှိသွားပြီဟုလည်း အဆိုပါဖောင်ဒေးရှင်းမှ (Women Team)အသင်းတာဝန်ခံ မမေပုရစ်က ပြောသည်။

https://www.facebook.com/narinjara.info/posts/4763732510305455

Leave a Reply

Your email address will not be published.