ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင်း တိုက်ခိုက်မှု စုံစမ်းဖော်ထုတ်ဖို့ ကုလတိုက်တွန်း

By VOA/ 2021 October 23

ဘင်္ဂလားဒေ့ရှ် နို င်ငံက ဒုက္ခသည်စခန်းတွင်း ရိုဟင်ဂျာအုပ်စု ၂ ခုကြား တိုက်ခိုက်မှုကြောင့် လူ ၇ ယောက်ထက်မနည်း သေဆုံးခဲ့မှုကို စုံစမ်းဖော်ထုတ် အရေးယူဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ ဒုက္ခသည် ၇ ယောက်ထက်မနည်း သေဆုံးပြီး၊ ကလေးတွေ အပါအဝင် ဒဏ်ရာရသူတွေ ရှိခဲ့တဲ့ သောကြာနေ့က တိုက်ခိုက်မှုမှာ တာဝန်ရှိတဲ့ သူတွေကို စုံစမ်းဖော်ထုတ် အရေးယူဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ကိုယ်စားလှယ် Johannes Van Der Klaauw က ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာပါ။

ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့ ဖြစ်ရပ်အတွက် စိတ်မကောင်း ဖြစ်ရကြောင်း ပြောဆိုခဲ့သလို၊ ဒုက္ခသည်စခန်းတွင်း လုံခြုံရေး တိုးတက်အောင် အမြန်ဆုံး လုပ်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ Cox’s Bazar ဒေသက ဘာလုခါလီ ဒုက္ခသည်စခန်းမှာ သောကြာနေ့ အစောပိုင်းက တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပြီးခဲ့တဲ့ လကုန်ပိုင်းမှာတုန်းကလည်း ထင်ရှားတဲ့ ရိုဟင်ဂျာခေါင်းဆောင်တဦးဖြစ်သူ Mohib Ullah ဟာ ကုတုပလောင် ဒုက္ခသည်စခန်းထဲမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရအပြီး သေဆုံးခဲ့ဖူးပါတယ်။ အခုလို ပစ်ခတ်သတ်ဖြတ်မှု ထပ်ဖြစ်တာပါ။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် တိမ်းရှောင်သွားခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အစီအစဉ်တွေ အကောင်အထည် မဖော်နိုင်သေးပဲ ဖြစ်နေချိန်မှာ လုံခြုံရေးပြဿနာတွေ ပေါ်ပေါက်နေတာလည်းဖြစ်ပါတယ်။

မြန်မာအာဏာပိုင်တွေကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြု လက်မခံပေမဲ့ ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို စိစစ်လက်ခံမှာ ဖြစ်ကြောင်း ကတိပြုထားပါတယ်။

https://www.facebook.com/VoA.Burmese.News/posts/10159490832145170

Leave a Reply

Your email address will not be published.