ရခိုင်ရှိ ရိုးရာရက်ကန်းလုပ်ငန်းများမှာ ရက်ချည်ဈေးကြီးခြင်းနှင့် ဝယ်လိုအား ကျဆင်ခြင်းမှုကြောင့် လုပ်ကိုင်သူနည်းပါးလာ

By Western News/ 2021 October 14

ရခိုင်ဒေသရှိ ရိုးရာရက်ကန်းလုပ်ငန်းများမှာ အထည်ရက်လုပ်သည့် ချည်များဈေးကြီးခြင်း ရက်ထည်များကို ဝယ်ယူသူနည်းပါးလာခြင်းမှုကြောင့် လုပ်ကိုင်သူများနည်းပါးလာသည်ဟု ရက်ကန်းရက်လုပ်သူများကပြောသည်။

လုပ်ငန်းလုပ်ကိုင်၍ အဆင်မပြေသည်မှာ ၃ နှစ်ခန့်ရှိပြီဖြစ်ပြီး ယခင်အထည်ဝယ်ယူသည့်သူများ အထည်မှာယူ ခြင်းမရှိတော့၍ လုပ်ကိုင်၍ အဆင်မပြေဖြစ်နေသည်ဟု မြောက်ဦးမြို့ မြို့သစ်ရပ်ကွက်မှ ရက်ကန်းလုပ်ငန်း လုပ်ကိုင်သူ ဒေါ်ရွှေကြာဦး ကပြောသည်။

“ဒီလုပ်ငန်းကတော့ ကျမတို့မိရိုးဖလာလုပ်ငန်းပါ။ ကျမကတော့ လုပ်လာတာ နှစ် ၅၀ ကျော်လောက်ရှိပြီ။ လက်ရှိလုပ်ငန်းအခြေအနေကတော့ အဆင်မပြေဘူး။ နှစ်အရဆို ၃ နှစ်လောက်‌တော့ရှိပြီ။ နိုင်ငံခြားသားတွေ လည်းမရောက်တာရယ် နောက်ပြီး အရင် ရန်ကုန်က အထည်တွေ မှာနေကျသူတွေကလည်း မမှာတော့ ရောင်းအားမရှိဘူး။ အရင်တုန်းကဆို သဘာဝချည်နဲ့ရက်တဲ့ ရက်ထည်တွေဆို ၂၀၀၀၀၊ ရိုးရိုးခြယ်နဲ့ဆို ၁၀၀၀၀ ကျော်လောက်ရတယ်” ဟုပြောသည်။

ရက်ကန်းဖြင့် တဘက်၊ လုံချည်၊ ရင်ခံနှင့် တိုင်းရင်းသားဝတ်စုံများရက်လုပ်ပြီး ရက်လုပ်သောသူများမှာ ယခင်အများအပြားရှိခဲ့သော်လည်း လက်ရှိတွင် လူ ၂၀ ကျော်ခန့်လောက်သာ ကျန်ရှိတော့ကြောင်း သူကဆက် ပြောသည်။

ပုဏ္ဏားကျွန်း အောင်ဇေယျကျေးရွာမှ ရက်ကန်းရက်လုပ်သူ မဘုမေကလည်း ရက်ကန်းရက်လုပ်သည့် ချည်များ ဈေးကြီးခြင်း နိုင်ငံရေးအခြေအနေများမကောင်းခြင်းတို့ကြောင့် ယခင်တစ်ရွာလုံးလုပ်ကိုင်ခဲ့သည့် ရက်ကန်းလုပ် ငန်းကို ယခု ၄၊ ၅ ယောက်ခန့်လောက်သာာလုပ်ကိုင်သူရှိတော့သည်ဟု ပြောသည်။

“ရက်ကန်းတော့ ရက်နေပါသေးတယ်။ ဒါပေမယ့် နိုင်ငံရေးအခြေနေမကောင်းတော့ အထည်တွေအရင်က ‌လောက်အဝယ်မရှိဘူး။ ချည်တွေလည်းဈေးကြီးတယ်။ ချည်ကတော့ ဝါချည်တွေ မန္တလေးဘက်တို့က မှာရတာပါ။ အရင်ကဆို တစ်ရွာလုံးလုပ်ကြတာ။ တစ်အိမ်မှာ ရက်ကန်းစင် တစ်စင်လောက်တော့ ရှိကြတယ်။ စစ်တွေ ကံ့ကော်ကျွန်းမှာလည်း အရင်ကဆို တစ်ရွာလုံးလုပ်တာ။ ခုက ကျမတို့ရွာမှာရော အဲဒီရွာမှာရော လုပ်တာ လေးငါးယောက်လောက်ပဲရှိတော့တယ်။ ဝယ်တဲ့သူတွေသိပ်မရှိဘဲ ရင်းနှီးမြှုပ်နှံထားဖို့ကလည်းအဆင်မပြေ ကြဘူးလေ” ဟုပြောသည်။

ရခိုင်တွင် ရိုးရာရက်ကန်းထည်များရက်လုပ်ခြင်းကို မိရိုးဖလာအိမ်တွင်းလုပ်ငန်းတစ်ခုအဖြစ် အမျိုးသမီးများ ရက်လုပ်ကြခြင်းဖြစ်ပြီး ရခိုင်မျိုးနွယ်စုများကြားတွင် ဘိုးဘွားစဉ်ဆက်လက်ဆင့်ကမ်းလာသောလုပ်ငန်းတစ်ခုလည်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/389586539514523

Leave a Reply

Your email address will not be published.