By Western News/ 2021 October 24
ရက္ခိုင်တပ်တော်(AA) နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲခံထားရသူ ၅၈ ဦးအား အောက်တိုဘာလအတွင်း စစ်ကောင်စီက လွတ်ပေးခဲ့သော်လည်း လူသိများသော အမှုများဖြစ်သည့် လက္ကာကျေးရွာနှင့် ကျောက်ဆိမ်ကျေးရွာမှ အမှုသည်များ တစ်ဦးမှ ပါဝင်လာခြင်း မရှိသေးဟု စာရင်းပြုစုနေသည့် အဖွဲ့အစည်းများမှ သိရသည်။
အောက်တိုဘာလအတွင်းက လွတ်မြောက်လာသူများမှာ စစ်တွေအကျဉ်းထောင်မှ ၇ ဦး၊ မြောက်ဦးမြို့မ ရဲစခန်းအချုပ်မှ ၈ ဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ ၄၀ ဦးနှင့် သံတွဲအကျဉ်းထောင်မှ ၃ ဦး စုစုပေါင်း ၅၈ ဦးတို့ဖြစ်ကြသည်။
အကြမ်းဖက်မှုဖြင့်တရားစွဲထားသောလူများအား လွှတ်ပေးလျှင် ၄င်းအမှုဖြင့် ရင်ဆိုင်နေရသူအားလုံးကို လွတ်ပေးရမှာဖြစ်ပြီး အသုတ်လိုက်ခွဲပြီးလွတ်နေခြင်းက မလွတ်မြောက်သေးသောသူတွေအတွက် တရားမျှတမှု မရှိသလိုဖြစ်နေသည်ဟု အကြမ်းဖက်မှုဖြင့်တရားစွဲခံထားရသည့် ကျောက်ဆိပ်ကျေးရွာမှ ကိုညီညီအောင်၏ မိခင်ဒေါ်နီနီအေးက Western News ကိုပြောသည်။
“ သူတို့က အကြမ်းဖက်မှုနှင့် တရားစွဲထားတဲ့သူတွေကိုလွတ်ပေးတယ်ဆိုရင် ဒီအမှုနဲ့ထောင်ထဲမှာရှိတဲ့ တရားစွဲခံထားရသူအားလုံးကိုလွှတ်ပေးရမယ်။ အခုက အသုတ်လိုက်လွှတ်ပေးတယ်ဆိုတော့ မလွတ်သေးတဲ့လူတွေက တရားမျှတမှုမရှိသလိုဖြစ်လာတယ်။ နောက်ပြီးလွှတ်ပေးတဲ့အထဲမှာ ကျောက်ဆိပ်ကအမှုတို့ လက္ကာကအမှုတို့လို လူသိများတဲ့အမှုတွေတစ်မှုမှ မပါသေးဘူး။ သူတို့အတွက် ဥပဒေ ကကာကွယ်ပေးတဲ့ တရားမျှတမှုတွေ လိုချင်တယ်”ဟုပြောသည်။
အဆိုပါကျောက်ဆိပ်ကျေးရွာသားများသည် ၂၀၂၀ ခုနှစ် ဧပြီ ၁၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးချုပ်နှောင်ထားစဉ် ရေယာဉ်ပေါ် တပ်မတော်သားများ၏ ထိုးကြိတ်၊ ကန်ကျောက်မေးမြန်းခဲ့သည့် ဗီဒီယိုင်ဖိုင် တစ်ခုလူမှုကွန်ရက် စာမျက်နှာပေါ်တက်လာပြီး အဆိုပါကိစ္စနှင့်ပတ်သတ်၍ မြန်မာစစ်သားများ လုပ်ဆောင်ခြင်းကိုဝန်ခံခဲ့သည်။
မလွှတ်ဘဲကျန်ရှိနေသူများအား အမြန်ဆုံးလွှတ်ပေးသင့်ပြီး အထောက်ထားအခိုင်လုံဘဲ တရားစွဲဆိုထားခြင်းက လူအခွင့်ရေးချိုးဖောက်ရာကျသည်ဟု ရခိုင်လူအခွင့်ကာကွယ်မြင့်တင်သူများအဖွဲ့မှ ဒါရိုက်တာဦးမြတ်ထွန်းက Western News ကိုပြောသည်။
“ ထောင်ထဲကျန်ရှိနေတဲ့ သူတွေအကုန်လုံးကိုလွတ်ပေးရမှာပါ။ သူတို့ဟာ သက်သေအထောက်ထားမခိုင်လုံဘဲ တရားစွဲခံထားရသလို သူတို့ရဲ့ လူမှုရေး၊ စားဝတ်နေရေးနဲ့ မိသားစုဖုံလှုံမှုကိုပါ ထိခိုက်နစ်နာစေတယ်။ ဒါဟာလူအခွင့်ရေးချိုးဖောက်တာပဲ”ဟုပြောသည်။
မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ ကျေးရွာသား ၂၃ ဦးမှာ အကြမ်းဖျက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့်တရားရင်ဆိုင်နေရသည်မှာ ၂ နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး ပြန်လည်လွှတ်မြောက်လာသူတစ်ဦးမှ မရှိသေးပေ။
တရားရုံးချိန်းများတွင် ကော်မရှင်နာ မရောက်သောကြောင်း ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိသဖြင့် အမှုသည်များအတွက် နစ်နာမှုများရှိနေသည်ဟု တရားလွှတ်တော်ရှေ့နေဦးကျော်ညွှန်မောင်က Western News ကိုပြောသည်။
“ကျွန်တော်လိုက်နေတယ် အမှုတွေမှာ ကျောက်ဆိပ်အမှုဆိုရင် ကော်မရှင်နာ စစ်ဆေးရမှာ အခုက ကြာလာရင်တော့ အမှုသည်တွေအတွက် ကြာရင်ကြာသလောက်နစ်နာတာပေါ့။ မလွတ်မြောက်သူတွေကတော့ တရားရုံးကပြောတာက စာရင်းကောက်ယူရာတွင်အချက်အလက်တွေမှားနေတယ်လို့ပြောတယ်။ ကျွန်တော်လည်း အတိကျမသိဘူး”ဟုပြောသည်။
ရက္ခိုင်တပ်တော်(AA) အား ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က အကြမ်းဖက်အဖွဲ့မှရုတ်သိမ်းပြီး နောက်အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ဖြင့်တရားစွဲခံထားရသူများအား အသုတ်လိုက်လွှတ်ပေးမှုများရှိခဲ့သည်။
သို့သော်လည်း အောက်တိုဘာလ ၂၂ ရက်နေ့အထိပြန်လည်လွှတ်ပေးသူ ၁၀၂ ဦးအထိရှိခဲ့ပြီး ဖမ်းဆီးခံထားရသူ ၁၀၀ ကျော်ကျန်ရှိနေသေးသည်ဟု စာရင်းကောက်ယူနေသည့် အရပ်ဖက်အဖွဲ့အစည်းများမှ သိရသည်။
https://www.facebook.com/westernnewsagency/posts/395418572264653