ရခိုင်မှ ကျောင်းသားများအား ယနေ့ ကာကွယ်ဆေးထိုးမည့်အစီအစဉ်မဖြစ်နိုင်၍ မနက်ဖြန်သို့ရွှေ့ဆိုင်း

By Narinjara/ 2021 October 16

မာန်ယုကျော်(ရွှေဝမြေ)

ရခိုင်ပြည်နယ်မှ ကျောင်းသား၊ ကျောင်းသူများအတွက် ယနေ့တွင် ကိုဗစ်ကာကွယ်ဆေးထိုးပေးမည့်အစီအစဉ်မှာ မဖြစ်နိုင်သည့်အတွက် မနက်ဖြန်သို့ ရွှေ့ဆိုင်းထားရသည်ဟု ပြည်နယ်ကောင်စီပြောခွင့်ရသူ ဦးလှသိန်းက နိရဥ္စရာကိုပြောသည်။

“ဒီလ ၈ ရက်နေ့တုန်းကတော့ ၁၆ ရက်နေ့ကို မှန်းထားတာပေါ့နော်။ သို့သော် ကြားထဲမှာ ဆေးရောက်မဲ့ရက်နဲ့၊ အစီအမံနဲ့၊ ဘယ်ကျောင်းမှာဆေးတွေဖြန့်မဲ့ဟာ ဘာညာလုပ်ပြီးတော့ ၁၇ ရက်နေ့ကိုပြောင်းထားတာ။ ဆေးမရောက်လို့ ဘာမရောက်လို့ မဟုတ်ဘူး”ဟု ပြောသည်။

ရခိုင်မှ အလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းသူ၊ ကျောင်းသား ၂ သိန်းခန့်ကို Sinovac အမျိုးအစားကိုဗစ်ကာကွယ်ဆေးအား မနက်ဖြန် အောက်တိုဘာလ ၁၇ ရက်တွင် စတင်ထိုးပေးတော့မည်ဖြစ်သည်။

ထိုးပေးမည့်ကာကွယ်ဆေးများသည်လည်း ယနေ့ အောက်တိုဘာလ ၁၆ ရက် နံနက်ပိုင်းတွင် စစ်လေယာဉ်ဖြင့်ရောက်ရှိလာပြီဟု ဦးလှသိန်းက ဆိုသည်။

“အမှန်တကယ်ကတော့ မနေ့က ရောက်မဲ့ဟာ။ မိုးလေဝသကြောင့် flight cancel ဖြစ်သွားတော့ မရောက်ဘူး”ဟု ပြောသည်။

ရခိုင်မှကာကွယ်ဆေးထိုးခွင့်ရရှိသည့်ကျောင်းသူ၊ ကျောင်းသားများတွင် အစိုးရစာသင်ကျောင်း၊ ပုဂ္ဂလိက စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ပါဝင်သည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/4786365758042130

Leave a Reply

Your email address will not be published.