ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများ၏ငြိမ်းချမ်းရေးကော်မတီဆွေးနွေးပွဲ စစ်တွေတွင် ကျင်းပ

By Narinjara/ 2021 October 2

သဥ္ဇာနွယ်

ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများ၏ငြိမ်းချမ်းရေးကော်မတီဆွေးနွေးပွဲတစ်ခုကို ယနေ့နံနက်က ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကျင်းပနေသည်ဟု သတင်းရရှိသည်။

အဆိုပါဆွေးနွေးပွဲကို စစ်တွေမြို့ ကမ်းနားလမ်းရှိ အာရီယာန်ခန်းမတွင် ယနေ့ အောက်တိုဘာ ၂ ရက် နံနက် ၈ နာရီခွဲမှ ညနေ ၃ နာရီအထိ ကျင်းပနေခြင်းဖြစ်သည်။

အဆိုပါအဖွဲ့အနေဖြင့် နိုင်ငံရေး၊ လုံခြုံရေး၊ မြေယာသဘာဝသယံဇာတ၊ ဒီမိုကရေစီ၊ ဖယ်ဒရယ်၊ လူမှုစီးပွားရေးစသည့် ကဏ္ဍ ၆ ခုကို လုပ်ဆောင်နေသော်လည်း ၎င်းတို့အဖွဲ့သည် ငြိမ်းချမ်းရေးအဖွဲ့အစည်းဖြစ်သောကြောင့် ငြိမ်းချမ်းရေးနှင့်ဒွန်တွဲလျက်ရှိသော ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီအရေးနှင့် ဖယ်ဒရယ်အရေးများကို ဦးစားပေးလုပ်ဆောင်သွားနိုင်ရန် ယခုဆွေးနွေးပွဲကို လုပ်ရခြင်းဖြစ်သည်ဟု ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများငြိမ်းချမ်းရေးကော်မတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏ဒါရိုက်တာ ဦးခိုင်ကောင်းစံက နိရဥ္စရာကိုပြောသည်။

“ကျနော်တို့အရပ်ဘက်အဖွဲ့အစည်းအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပြည်သူလူထုအနေနဲ့ ကိုယ်စားပြုပြီးတော့ ဘယ်အခန်းကဏ္ဍကနေ ပါဝင်ရမလဲဆိုတဲ့ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အရ ပါဝင်လုပ်ဆောင်ရတာဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါဆွေးနွေးပွဲသို့ ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများငြိမ်းချမ်းရေးကော်မတီအဖွဲ့ဝင် ၂ဝ ဦးခန့် တက်ရောက်ဆွေးနွေးနေကြသည်ဟုလည်း သိရသည်။

ဆွေးနွေးပွဲတက်ရောက်နေသည့် ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများငြိမ်းချမ်းရေးကော်မတီအဖွဲ့ဝင် ရခိုင်အမျိုးသမီးကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက “မြန်မာနိုင်ငံမှာရှိတဲ့လူတိုင်းကိုမေးလိုက်ရင် လူတိုင်းက ငြိမ်းချမ်းရေးကိုလိုလားပါတယ်။ မငြိမ်းချမ်းရင် ကျမတို့ဘာမှလုပ်လို့မရဘူးလေ။ အဲ့ဒါကြောင့် ကျမတို့ငြိမ်းချမ်းမှုကိုလိုလားတယ်”ဟု ပြောသည်။

ရခိုင်ပြည်အရပ်ဘက်အဖွဲ့အစည်းများငြိမ်းချမ်းရေးကော်မတီကို စစ်တွေအပါအဝင် ရခိုင်ပြည်နယ် ၁၅ မြို့နယ်မှ လူမှုအဖွဲ့အစည်းပေါင်း ၁ဝဝ ဖြင့် ၂၀၁၆ ခုနှစ်က ဖွဲ့စည်းထားခြင်းဖြစ်သည်ဟု သိရသည်။

မဖွဲ့ဘဲကျန်နေသေးသည့် မြောက်ဦးနှင့် ဘူးသီးတောင်မြို့နယ်တို့တွင်လည်း ဆက်လက်ဖွဲ့စည်းသွားဦးမည်ဟု သိရသည်။

https://www.facebook.com/narinjara.info/posts/4742739012404805

Leave a Reply

Your email address will not be published.