By Western News/ 2021 October 3

ရခိုင်ပြည်နယ်ရှိ အခြေခံပညာစာသင်ကျောင်းများတွင် တက်ရောက်နေသည့် အသက် ၁၂ နှင့်အထက် ကျောင်းသားများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမည်ဟု ရခိုင်ပြည်နယ်ကောင်စီက ပြောသည်။
ကျောင်းသားများအတွက် ဆေးအလုံးရေ ၂ သိန်းခန့်ရမည်ဖြစ်ပြီး ကျောင်းသားအရေအတွက်နှင့်လည်း စာရင်းအရကိုက်ညီမှုရှိကြောင်း ဆေးထိုးမည့်အစီစဉ်ကိုအကောင်ထည်ဖော်ရန်ဆောင်ရွက်နေကြောင်း ပြည်နယ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက Western News ကိုပြောသည်။
“အသက် ၁၂ ကနေ ၁၁ တန်းအထိ ကျောင်းသားတွေကို ဆေးထိုးမယ်ဆိုပြီး အခုစီမံချက်ရေးနေတယ်။ အဲဒီစီမံချက်ရေးတဲ့အခါမှာ ဆေးရုံရယ်၊ ထွေအုပ်ရယ်၊ လူကယ်ပြန်ရယ်ပါတယ်။ သူတို့ကအဓိကအဖွဲ့တွေပေါ့။ ဆေးကတော့ ပြည်နယ်ကျန်းမာရေးက တင်ပြချက်အရ ကျောင်းသားတွေအတွက်ဆေးအလုံး ၂ သိန်းလောက်ရမယ်လို့ပြောတယ်။ ကျောင်းသားတွေကလည်း စာရင်းအရ ၂ သိန်းလောက်ရှိတယ်လို့ပြောတယ်။ အဲလိုဆိုတော့ ကျောင်းသား ရှိသလောက်ဆေးထိုးမယ့်အနေအထားမျိုးပေါ့” ဟုပြောသည်။
ကျောင်းသားများအား ကိုဗစ်ကာကွယ်ဆေးထိုးပေးမည့် ကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့ ကုန်တန်းရပ်ကွက်တွင် နေထိုင်သည့် ၇ တန်း ကျောင်းသားမိဘတစ်ဦး ဖြစ်သူ ဒေါ်မငြိမ်းက ဆေးမထိုးမီ ဆေးအကြောင်း နှင့်ပတ်သက်၍ သိရှိနိုင်ဖို့ ဆောင်ရွက်ပေးရန်လိုကြောင်း ယခင် အသက်ကြီးပိုင်းများသာ ထိုးပေးသည့် ဆေးကို ယခုကျောင်းနေ အရွယ်ကလေးများကိုထိုးရမည်မှာ အနည်းငယ် စိုးရိမ်မှုရှိကြောင်း ပြောသည်။
“ကျောင်းသားတွေ ကာကွယ်ဆေးထိုးရမယ်ဆိုတော့ ကျမအနေနဲ့ကတော့ ကျမကလေးကိုထိုးမှာပါ။ ဒါပေမယ့် ပတ်ဝန်းကျင်ကပြောနေတဲ့ ဆေးဆိုးကျိုးတွေဆိုတာရယ် နောက်ပြီးအရင်က ၁၈ နှစ်အထက်ပဲထိုးရတာတွေရယ်ကြောင့် ဆေးထိုးဖို့ကို နည်းနည်းစိုးရိမ်စိတ်တော့ရှိတယ်။ ဆေးမထိုးခင် ဆေးအကြောင်းကို ကျောင်းသားမိဘ တွေရော ဆေးထိုးမယ့်ကျောင်းသားတွေရောသိအောင် အရင်လုပ်သင့်သေးတယ်လို့ထင်တယ်” ဟုပြောသည်။
ရခိုင်တွင် အိန္ဒိယထုတ်ကိုဗစ်ကာကွယ်ဆေးကို လူဦးရေ ၁ သိန်း ၂ သောင်းကျော် ပထမဆုံးအကြိမ်ထိုးခဲ့ရပြီး နောက်ထပ်အနေဖြင့် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကို လူဦးရေ ၉ သောင်းကျော်၊ နောက်ထပ် ရခိုင်ရှိစစ်ဘေးရှောင်အတွက် ရောက်ရှိလာသည့် ဆေးအလုံးရေ ၂၅၀၀၀ ကို စစ်ရှောင်ဦးရေ ၅၀၀၀ နှင့် စက်တင်လာလလယ်လောက်တွင်လည်း ဆေးအလုံးရေ ၂၂၆၀၀၀ ရောက်ရှိလာခဲ့ပြီး ဦးတည် ၁၆ စုကို ထိုးပေးခဲ့သည်။
ယခင်ရောက်ရှိခဲ့သည့် ကိုဗစ်ကာကွယ်ဆေးများကို ၁၈ နှစ်အထက် အသက် ၅၀ ကျော်၊ ၆၀ ကျော်သက်ကြီးပိုင်းများကိုသာ ဦးစားပေးထိုးနှံပေးခဲ့ပြီး လက်ရှိတွင် ၁၈ နှစ်အောက်ဖြစ်သည့် အခြေခံပညာသင်ကျောင်းများမှ အလယ်တန်း အထက်တန်းကျောင်းသူများကို ထိုးပေးရန်ဆောင်ရွက်နေခြင်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/382380873568423