ရခိုင်တွင် အင်အားရစ်(ခ်)တာစကေး (၅.၆) အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်မှုဖြစ်ပွား

By Narinjara/ 2021 October 8

သဥ္ဇာနွယ်

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်ညဥ့်အချိန်က အင်အားရစ်(ခ်)တာစကေး (၅.၆) အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့် ဒေသခံများက ပြောသည်။

ရစ်(ခ်)တာစကေး (၅.၆) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသည့်အဆိုပါမြေငလျင်သည် ယနေ့ အောက်တိုဘာ ၈ ရက် ညဥ့် ၁၂ နာရီ ၅၈ မိနစ်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့- အရှေ့တောင်ဘက် (၇၄)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကနီမြို့၏ အနောက်တောင် (၁၆)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၂.၂၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၆၈)ဒီဂရီ၊ အနက် (၁၀၀)ကီလိုမီတာကို ဗဟိုပြု၍လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မိုး/ဇလက ထုတ်ပြန်ထားသည်။

အချိန် ၁ မိနစ်ခန့်ကြာလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ မသူသူအေးက “ညက ငလျင်လှုပ်တာ တော်တော်လန့်သွားတယ်။ လှုပ်တာ နည်းနည်းကြာတယ်”ဟုပြောသည်။

မြောက်ဦးဒေသခံဦးမောင်ညိုကလည်း ငလျင်လှုပ်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ဘုရားပုထိုးစေတီများ အပျက်အစီး ရှိ/မရှိဆိုသည်ကို လောလောဆယ်မသိရသေးဟု ယနေ့နံနက် ၈ နာရီခန့်က ပြောသည်။

https://www.facebook.com/narinjara.info/posts/4759817600696946

Leave a Reply

Your email address will not be published.