ရခိုင်တွင် အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံနေရသူ ၁၃ဝ ကျော်ကို ပြန်လွှတ်ပေးရန် မိသားစုဝင်များတောင်းဆို

By Narinjara/ 2021 October 16

ချစ်အိလှိုင်

ရခိုင်တွင် နစက ကောင်စီက အောက်တိုဘာ ၁၅ ရက်နေ့စွဲဖြင့် AA နှင့်ဆက်စပ်သူ ၆၁ ဦးကို ပြန်လွှတ်ပေးလိုက်သော်လည်း ထောင်ထဲတွင် အကြမ်းဖက်မှုနှင့် ဖမ်းဆီးခံထားရသူ ၁၃၀ ကျော် ကျန်ရှိနေသေးသဖြင့် အမြန်ဆုံးလွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုလိုက်သည်။

မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှ အကြမ်းဖက်မှုပုဒ်မဖြင့်တရားစွဲခံထားရသူ ကိုဦးလှမောင်၏ မိခင် ဒေါ်စံသာနုက “အမှုကိုပိတ်သိမ်းပေးတယ်ဆိုလို့ ဝမ်းသာသာနဲ့မျှော်လိုက်ရတာ။ အခု လွတ်တဲ့လူကလွတ်ပြီးတော့ သားလေးမလွတ်လာတော့ ခံစားရတာပေါ့။ ပြန်လွတ်လာဖို့ မျှော်လင့်တာပေါ့” ဟုပြောသည်။

လက္ကာရွာသား ၂၃ ဦးသည် လွန်ခဲ့သည့် ၂ဝ၁၉ ခုနှစ်၊ ဧပြီလ ၁ဝ ရက်က AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

စစ်ကြောရေးတွင် ၃ ဦးသေဆုံးခဲ့ပြီး အသက်မပြည့်သူ ၂ ဦးကို လွှတ်ပေးခဲ့သဖြင့် လက်ရှိတွင် လက္ကာရွာမှ အမျိုးသမီးတစ်ဦးအပါအဝင် (၂၃) ဦးမှာ စစ်တွေအကျဉ်းထောင်တွင် တရားစွဲ ထိန်းသိမ်းခံထားရသည်။

ယမန်နေ့ အောက်တိုဘာ ၁၅ ရက်တွင် နစက ကောင်စီက AA နှင့်ဆက်စပ်ပြီး အကြမ်းဖက်မှုပုဒ်မဖြင့်တရားစွဲခံနေရသူ ၆၁ ဦး၏အမှုကို ပိတ်သိမ်းပြီး လွှတ်ပေးလိုက်သော်လည်း ရခိုင်တွင် မလွတ်မြောက်ဘဲကျန်သေးသည့် တရားစွဲခံထားရသူပေါင်း ၁၃ဝ ကျော်ရှိနေသေးသည်ဟု စာရင်းကောက်ယူနေသည့်အဖွဲ့အစည်းများမှ သိရသည်။

တောင်ကုတ်မြို့နယ် ချက်ဖောက်ကျေးရွာမှ ဖမ်းဆီးတရားစွဲခံထားရသူ ဦးကျော်ကျော်အောင်၏ အမျိုးသမီး ဒေါ်ခင်မိုးမြင့်က “သူများတွေလွတ်ကြပြီ။ ၂ နှစ်ရှိပြီဆိုတော့ သူ့ဆီကို ထောင်ဝင်စာသွားတွေ့ဖို့ ငွေလည်းမရှိတော့ဘူး။ သူများတွေလွတ်ပြီး အတူတူလွတ်မလာတော့ ငေးကြည့်ပြီးကျန်ရစ်နေခဲ့တော့မှာပဲ။ ပြန်လွတ်စေချင်ပြီ”ဟု ပြောသည်။

AA နှင့်ဆက်စပ်ပြီး လွတ်မြောက်လာသူများအတွက် ဝမ်းသာသော်လည်း လွတ်မြောက်ခြင်းမရှိသေးသူများအတွက်လည်း လွတ်မြောက်ရန် မျှော်လင့်နေသည်ဟု ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာသားများနှင့် အိုင်တင်ကျေးရွာသားများအမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။

ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရသူ ဦးလှသိန်းကလည်း ၄င်းတို့အနေဖြင့် AA နှင့် ဆက်စပ်ပြီးဖမ်းဆီးတရားစွဲထားသူ ၃၆ ဦး၏အမှုကိုရုပ်သိမ်းပေးရန် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ထံ တင်ပြထားသေးသည်ဟုလည်း ဆိုသည်။

https://www.facebook.com/narinjara.info/posts/4786873671324672

Leave a Reply

Your email address will not be published.