By Western News/ 2021 October 18
ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်ရှိ စစ်တွေအကျဥ်းထောင်၊ သံတွဲအကျဥ်းထောင်နှင့် တခြားမြို့နယ် အသီးသီးမှ အကျဥ်းသားနှင့် အချုပ်သား စုစုပေါင်း ၅၀၆ ဦးကို တရုတ်နိုင်ငံထုတ်ဆေး ကိုဗစ်ကာကွယ်ဆေး အမျိုးအစား ၂ ခုကို ထိုးနှံပေးထားပြီ ဖြစ်သည်ဟု ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကပြောသည်။
ကာကွယ်ဆေးတစ်မျိုးဖြစ်သည့် (Sinovac)ဆေးကို စစ်တွေအကျဥ်းထောင်ရှိ အကျဥ်းသား ၈၀ ဦးနှင့် သံတွဲ အကျဥ်းထောင်မှ ၅၄ ဦး စုစုပေါင်း ၁၃၄ ဦးကိုထိုးနှံပေးထားခြင်းဖြစ်သည်ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှုး ဒေါက်တာစိုးဝင်းပိုင်က Western News ကိုပြောသည်။
” ကျွန်တော်တို့က Sinovacကို အကျဥ်းဦးစီးကိုထိုးပေးဖို့ပေးထားတာရှိတယ်။ အဲဒါက ၁၃၄ ယောက်ထိုး ပေးထားတယ်။ စစ်တွေမှာ ၈၀ နဲ့ သံတွဲမှာ ၅၄ယောက်ထိုးပေးထားတယ် ”ဟုဆိုသည်။
ယင်းအပြင် နောက်ထပ်ကာကွယ်ဆေးတစ်မျိုးဖြစ်သည့် (Sinopharm)ဆေးအမျိုးအစားကို မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ ဂွ၊ အမ်း၊ ရသေ့တောင်၊ မာန်အောင်၊ ရမ်းဗြဲ၊ မင်းပြား၊ ပေါက်တောမြို့တို့မှ အကျဥ်းသားနှင့်အချုပ်သား ၁၃၂ ဦးကို ထိုးပေးထားခြင်းဖြစ်သည်ဟု ဒေါက်တာ စိုးဝင်းပိုင်က ပြောသည်။
“ Sinopharmကိုကျတော့ အကျဥ်းဦးစီးဌာနက အကျဥ်းသားတွေလည်း ထိုးတယ်။ အဲဒါက ၃၇၂ ယောက်ရှိတယ်။ ဒါကကျတော့ မြို့နယ် ၁၀ ကျော်မှာ ထိုးပေးထားတယ်။ ကျွန်တော်မြို့နယ်တွေကိုတော့ တိတိကျကျမရတော့ဘူး။ အဲတော့ Sinovacထိုးပေးတယ်၊ Sinopharmထိုးပေးတယ် ”ဟုဆိုသည်။
ရခိုင်တွင် အိန္ဒိယထုတ်ကိုဗစ်ကာကွယ်ဆေးကို လူဦးရေ ၁ သိန်း ၂ သောင်းကျော် ပထမဆုံးအကြိမ်ထိုးခဲ့ရပြီး နောက်ထပ်အနေဖြင့် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကို လူဦးရေ ၉ သောင်းကျော်ထိုးပေးခဲ့သည်။
ယင်းအပြင် ရခိုင်ရှိစစ်ဘေးရှောင်အတွက် ရောက်ရှိလာသည့် ဆေးအလုံးရေ ၂၅၀၀၀ ကို စစ်ရှောင်ဦးရေ ၅၀၀၀ နှင့် စက်တင်လာလလယ်လောက်တွင်လည်း ဆေးအလုံးရေ ၂၂၆၀၀၀ ရောက်ရှိလာခဲ့ပြီး ဦးတည် ၁၆ စုကို ထိုးပေးခဲ့သည်။
https://www.facebook.com/westernnewsagency/posts/392162129256964