ရခိုင်တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ၈၃၀၀၀ ကျော် ကျန်ရှိနေသေး

By Western News/ 2021 October 24

စစ်ရေးပဋိပက္ခအတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှ စစ်ဘေးရှောင်ဒုက္ခသည်များမှာ လက်ရှိအချိန်ထိ စခန်းအတွင်းနှင့် ပြင်ပ၌နေထိုင်၍ ကျန်ရှိနေသည့် လူဦးရေမှာ ၈၃,၃၀၀ ကျော်ဖြစ်သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏ စာရင်းအရသိရသည်။

ယခင်က စစ်ဘေးရှောင်စခန်းများနှင့် နီးစပ်ရာဆွေမျိုးတို့နေအိမ်၌ ခိုလှုံလျှက်ရှိနေခဲ့ကြသည့် စစ်ဘေးရှောင်ဒုက္ခသည်များမှာ ၂၃,၀၀၀၀ ကျော်ရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်နှစ်လယ်ပိုင်းမှစတင်ကာ မိမိတို့နေရပ် အသီးသီးသို့ပြန်သွားကြသည့်အရေအတွက်မှာ ၁၄၆၇၀၀‌ ဦးခန့်ရှိသည်ဟု အဆိုပါစာရင်း အရသိရသည်။

လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်ဘဲ မြို့နယ်အသီးသီးစခန်း၌ကျန်ရှိသည့် စစ်ဘေးရှောင်ဒုက္ခသည်ဦးရေမှာ ၆၄၃၀၀ ဦးနှင့် စခန်းပြင်ပ၌ကျန်ရှိနေသည့် လူဦးရေမှာ ၁၉၀၀၀ ကျော်ရှိသေးသည်ဟု (REC) အတွင်းရေးမှုး ကိုဇော်ဇော်ထွန်းကပြောသည်။

“ အရင်ကတော့ ရခိုင်တစ်ပြည်နယ်လုံးမှာ စစ်ဘေးရှောင်ဦးရေ ၂၃၀၀၀ ကျော်ရှိတယ်။ အခုနှစ်အလယ်ပိုင်းစလို့ နေရပ်ကိုပြန်သွားခဲ့ကြတာက လူဦးရေ ၁၄၀၀၀၀ ကျော်။ အခုကနေရပ်မပြန်နိုင်သေးဘဲ စခန်းမှာရှိနေတဲ့သူက ၆၄၃၀၀ ကျော်ရှိတယ်။ စခန်းပြင်ပမှာနေကြတာက ၁၉၀၀၀ ကျော်ကျန်သေး တယ် ”ဟုဆိုသည်။

နေရပ်သို့ပြန်သွားကြသည့် စစ်ဘေးရှောင်များမှာ အမ်း၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် တို့ရှိ စစ်ဘေးရှောင်စခန်းတချို့မှ လူဦးရေတို့ဖြစ်သည်။ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရန်မှာလည်း မိုင်းရှင်းလင်းပေးခြင်း၊ ရွာအနီးရှိတပ်နေရာများရွေ့ပေးခြင်းနှင့် ယာယီစားဝတ်နေရေးအဆင်ပြေစေရန် လုပ်ဆောင်ပေးခြင်းတို့လိုအပ်ကြောင်း ကိုဇော်ဇော်ထွန်းက ပြောသည်။

ကျောက်တော်မြို့နယ်ရှိ တောင်မင်းကုလားစစ်ဘေးရှောင်စခန်း၌ နေရပ်မပြန်နိုင်ဘဲရှိနေသည့် ကိုမင်းကျော်မှာ မိမိတို့အနေဖြင့် နေရပ်သို့ပြန်သွားနိုင်မည်ဆိုလျှင် ပျက်စီးသွားသည့်နေအိမ်များကို ပြန်လည်ဆောက်လုပ်ပေးရန်၊ ကျေးရွာအနီးရှိမြန်မာစစ်တပ်စခန်းများကိုဖယ်ရှားပေးရန်၊ တောတောင် များကို မိုင်းရှင်းလင်းရေးလုပ်ဆောင်ပေးပြီးမှသာ ပြန်နိုင်မည်ဖြစ်သည်ဟုဆိုသည်။

“ ကျွန်တော်တို့အောင်သာစည်ရွာမှာဆိုရင် လက်နက်ကြီးတွေရွာထဲကိုကျလို့ နေအိမ်တွေပျက်စီးသွားတယ်။ အခုချိန်ထိ ပြန်မဆောက်ရ‌သေးဘူး။ တောင်ပေါ်မှာလည်း စစ်သားတွေကတပ်စွဲထားတုန်း။ ရွာအတွင်းနဲ့ အပြင်မှာကိုလည်းမိုင်းမရှင်းလင်းပေးသေးဘူး။ အဲဒါကြောင့် မပြန်ရဲသေးတာ”ဟုပြော သည်။

ယခင်က နေရပ်ပြန်မည့်စစ်ဘေးရှောင်အိမ်ထောင်စုတစ်စုစီကို ရခိုင်ပြည်နယ်စစ်ကောင်စီက ငွေကျပ် ၅ သိန်းနှင့် ဆန်တစ်လစာထောက်ပံ့ပေးခဲ့သော်လည်းအောက်တိုဘာမှစတင်ကာ ယခင်ကလိုမဟုတ်ဘဲ သင့်တင့်သောထောက်ပံ့နှုန်းဖြင့်သာ ပေးတော့မည်ဟု အောက်တိုဘာ ၄ ရက်နေ့တွင် ပြည်နယ်ကောင်စီ မှ ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးလှသိန်းက Western News ကိုပြောဆိုခဲ့သည်။

https://www.facebook.com/westernnewsagency/posts/395436712262839

Leave a Reply

Your email address will not be published.