By Narinjara/ 2021 September 22
ချစ်အိလှိုင်၊သဥ္ဇာနွယ်
ရခိုင်ပြည်နယ်တွင် အောက်တိုဘာ ၂၉ ရက်နေ့ တစ်နေ့တည်းအတွင်း မြို့နယ် ၂ ခု၌ ယာဉ်မတော် တဆမှု ၂ ခုဖြစ်ပြီး လူ ၄ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသွားသောသူများမှာ မြောက်ဦးမြို့နယ်တွင် ၂ ဦးနှင့် ဂွမြို့နယ်တွင် ၂ ဦးတို့ ဖြစ်ကြသည်။
မြောက်ဦးမြို့နယ်တွင် သေဆုံးသူ ၂ ဦးမှာ ကျောက်ဆည်ပြင်ရွာမှ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၂ဦး ဖြစ်ကြကြီး ဂွမြို့နယ်တွင် သေဆုံးသူ နှစ်ဦးမှာ ဖယ်ခုံဝန်ကျေးရွာက အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနှင့် ဝါးရုံးကွင်းကျေးရွာမှ ကားဒရိုင်ဘာတစ်ဦးတို့ ဖြစ်ကြသည်။
မြောက်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုမှာ အောက်တိုဘာ ၂၉ ရက် နံနက်၁၁နာရီခန့်က ဖြစ်ပွားခဲ့ပြီး ကားလမ်းပေါ်တွင် ကျောက်ဆည်ပြင် ကျေးရွာမှ မောင်းနှင်လာသော ဆိုင်ကယ်နှင့် တက်စီတစ်စီးတို့ တိုက်မိပြီး ဆိုင်ကယ်မောင်းလာသူ နှစ်ဦးမှာ အခင်းဖြစ်သောနေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု ကျောက်ဆည်ပြင်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ထွန်းက နိရဥ္စရာကိုပြောသည်။
“ကားနဲ့ဆိုင်ကယ်တိုက်ပြီး အဲ့နေရာမှာပဲ ဆုံးသွားတာ။ အလောင်းတွေကို ဆေးရုံမပို့ပဲ ရွာကိုတစ်ခါထဲ သယ်ဆောင်လာတယ်”ဟုပြောသည်။
ဂွမြို့နယ် ဖြစ်စဉ်မှာ အောက်တိုဘာ ၂၉ ရက် ည ၉နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး ၎င်းတို့ စီးလာသည့် ကားမှာ ဂွမြို့နယ် ချောင်းသာကြီး ကျေးရွာအနီး တောင်ကြောပေါ်မှ ချောက်ထဲကျ တိမ်းမှောက်သွားခဲ့သည်ဟုဆိုသည်။
အခင်းဖြစ်သောနေရာတွင် ပွဲချင်းပြီးသေဆုံးသွားသည်ဟု မျက်မြင်တစ်ဦးဖြစ်သူ ဦးကျော်မြင့်မောင်က ပြောသည်။
“နာမည်တွေတော့ မသိဘူး။ကားကဆန်အိတ်တွေတင်လာတယ်။လူက လေးငါးယောက်ဘဲ ပါတယ်။ချောက်ထဲနောက်ပြန်ကျသွားတာလို့သိရတယ်”ဟု ၎င်းက ပြောသည်။
ဒဏ်ရာရသူများကို ဂွဆေးရုံသို့ပို့ဆောင်ပေးခဲ့ရပြီး ခြေထောက်ကျိုးသူ တစ်ဦးအား ညတွင်းချင်း သံတွဲဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟုသိရသည်။
အောက်တိုဘာ ၁၈ ရက်နေ့တွင်လည်း မောင်တောမြို့တွင် ယာဉ်တိုက်မှုဖြစ်ပြီး လူငယ် ၂ဦးပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။
https://www.facebook.com/narinjara.info/posts/4830539036958135