ရခိုင်တွင် ကိုဗစ်ကာကွယ်ဆေး လူဦးရေ ၄ သိန်းကျော်ထိုးနှံပြီးဟု ပြည်နယ်ကောင်စီပြော၊ အသိမှတ်မပြုခဲ့သည့် စစ်ဘေးရှောင်စခန်းတစ်ချို့ ဆေးမထိုးရသေး

By Western News/ 2021 October 9

ရခိုင်ပြည်တွင် ကိုဗစ်ကာကွယ်ဆေး လူဦးရေ ၄ သိန်းကျော်ထိုးနှံထားပြီးဖြစ်သည်ဟု အောက်တိုဘာ ၈ ရက်နေ့က ပြည်နယ်ဥပဒေချုပ်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်နယ်ကောင်စီအဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

ရခိုင်ပြည်နယ်မှာ ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာ ပထမပတ်အထိ လူဦးရေ ၄ သိန်းကျော်ကို ကိုဗစ်ကာကွယ်ဆေးများ ထိုးပေးခဲ့ပြီး စစ်ဘေးရှောင်နှင့် မွတ်ဆလင် IDP Camp များမှ လူဦးရေ ၅ သောင်းကျော်ပါ ပါဝင်သည့်ဟု ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

“ပထမအသုတ်အဖြစ် Covidshield အမျိုးအစားကိုဗစ်ကာကွယ်ဆေးလုံးရေ ၁ သိန်းကျော်ထိုးပေးခဲ့ပါတယ်၊ ဒုတိယအသုတ်အဖြစ် Sinopharm ဆေးလုံးရေ ပထမအကြိမ် ၉ သောင်းခွဲနှင့် ဒုတိယအကြိမ် ၃ သိန်း ၂ သောင်းကျော် ထိုးနှံခဲ့တယ်။ စစ်ဘေးရှောင်နှင့် IDP Camp များမှ လူဦးရေ ၅ သောင်းအတွက် Sinovac ဆေးအမျိုးစား များထိုးပေးခဲ့ပြီး လူဦးရေ ၄ သိန်းကျော်ထိုးနှံပေးပြီးဖြစ်ပါတယ်”ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် အစိုးရအသိမှတ်ပြု စစ်ဘေးရှောင်စခန်းများတွင် ၆၅ နှစ်အထက်နှင့် ၄၅ နှစ်အထက်လူများကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့သော်လည်း မြေပုံမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက်ထက်က အသိမှတ်မပြုခဲ့သည့် စစ်ဘေးရှောင်စခန်း ၅ ခုတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းမရှိသေးဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းရုံး( REC) ၏ စာရင်းများ အရသိရသည်။

အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းမရှိသည့် စစ်ဘေးရှောင်စခန်းများမှာ စညှင်းစစ်ဘေးရှောင်စခန်း၊ င/ပသုန်းစစ်ဘေးရှောင်စခန်း၊ တောင်ကြီးရင်းစစ်ဘေးရှောင်စခန်း၊ ပင်ကတ် စစ်ဘေးရှောင်စခန်း၊ ရေရွှင် စစ်ဘေးရှောင်စခန်းတို့ဖြစ်ကြပြီး အဆိုပါ စစ်ဘေးရှောင်စခန်းများတွင် လူဦးရေ ၆၀၀ ခန့်ရှိသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး( REC) ၏စာရင်းများအရသိရသည်။

အဆိုပါ အစိုးရအသိအမှတ်မပြုသည့်စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ကာကွယ်ထိုးနှံခြင်းမရှိမှုနှင့် ပတ်သက်၍ Western News မှမေးမြန်းမှု အပေါ် ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက “အစိုးရ အသိမှတ်ပြုစစ်ဘေးရှောင်စခန်းတွေကိုတော့ ဦးစားပေး ထိုးပေးပါတယ်။ အစိုးရအသိမှတ်မပြု စစ်ဘေးရှောင်စခန်းဆိုတာလည်း အခုမှဘဲကြားဖူးပါတယ်။ ဒါပေမယ့် အစိုးရအသိမှတ် မပြုသည့် စခန်းပဲဖြစ်ဖြစ်၊ ရွာသားပဲဖြစ်ဖြစ် Categories ၁၁ မျိုးမှာ အကျုံးဝင်ရင် ထိုးပေးသွားမှာပါ။ အစိုးရအသိမှတ်ပြု စခန်းတွေလို စီမံချက်တွေမှာမပါရင်တောင် အခုကျွန်တော်တို့ခွဲထားတဲ့ အမျိုးအစား ၁၆ မျိုးထဲမှာပါရင်တစ်ဖြည်းဖြည်းနဲ့ ထိုးသွားရနိုင်တယ်”ဟု ပြောကြားခဲ့သည်။

အစိုးရအသိမှတ်ပြုသည့် စခန်းများတွင် ကိုဗစ်ကာကွယ်ဆေးထိုးပေးပြီး အသိမှတ်မပြုသည့် စခန်းများတွင် ကာကွယ်ဆေး ထိုးနှံမှုမပြုလုပ်ခြင်းက လူအခွင့်ရေးချိုးဖောက်ရာရောက်သည့်ဟု စညှင်းစစ်ဘေးရှောင် တာဝန်ခံ ဆရာတော် သဘာဝနဒီက Western News ကိုမိန့်သည်။

“ကိုဗစ်ဆေးကတော့ တစ်ကြိမ်မှ မထိုးရသေးဘူး။ တရားမဝင် စစ်ဘေးရှောင်ဆိုတော့ ကိုယ်တော်တို့ ကိုယ်တိုင်တရား တရားမဝင်ဖြစ်နေတယ်။ စစ်ဘေးရှောင်က လူတွေရော့ ဘုန်းကြီးတွေ (စေတနာဝန်ထမ်း) ပါ မထိုးရသေးဘူး။ အသိမှတ်ပြုစခန်းတွေကိုထိုးပြီး အသိမှတ်ပြုခြင်းမခံရတဲ့ စခန်းကလူတွေ ကာကွယ်ဆေး မထိုးခြင်းက လူအခွင့်၊ နိုင်ငံသားအခွင့်ရေး ချိုးဖောက်ခံနေရခြင်းဖြစ်တယ်”ဟုပြောသည်။

ယင်းအပြင် ရက္ခိုင်တပ်တော်(AA) သို့ပေးမည့် ကိုဗစ်ကာကွယ်ဆေးများအား ပြည်နယ်အစိုးရက ဆုံးဖြတ်ရမည် အရာမဟုတ်ဘဲပြည်ထောင်စုအဆင့်ကသာဆုံးဖြတ်ရမှာဖြစ်သည်ဟုပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင် အောက်တိုဘာ ၈ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၄၉၂၈ ရှိပြီး သေဆုံးလူနာ ၄၇၈ ဦးရှိကာ ကုသဆဲလူနာ ၆၈ ဦးရှိသည်ဟု ပြည်နယ်ကောင်စီပြန်ကြားရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၏ လူမှုကွန်ရက်စာမျက်တွင် ဖော်ပြထားသည်။

https://www.facebook.com/westernnewsagency/posts/386160419857135

Leave a Reply

Your email address will not be published.