ရခိုင်စစ်ပွဲကြောင့် မသန်စွမ်းဘဝနဲ့ ရုန်းကန်နေရတဲ့ အမျိုးသမီးငယ်

By RFA/ 2021 October 29

■ အသက် ၁၉ နှစ်သာရှိသေးတဲ့ မမိုးမိုးနွယ်ဟာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ စစ်ရေး ပဋိပက္ခကာလအတွင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ဘယ်ဘက်ခြေတစ်ဖက် ဆုံးရှုံးခဲ့ရသူပါ။

မိခင်ဖြစ်သူဟာလည်း သူမ ငါးနှစ်အရွယ်ကတည်းက ဆုံးရှုံးသွားခဲ့ပြီဖြစ်သလို သူမရဲ့ ဖခင်ဟာလည်း ဆွံ့အ နားမကြားသူတစ်ဦး ဖြစ်ပါတယ်။ သူမမှာ ၁၂ နှစ်အရွယ် မောင်မိုးဇော်ဆိုတဲ့ မောင်လေးတစ်ဦးလည်း ရှိပါတယ်။

ခြေထောက် မဆုံးရှုံးခင်တုန်းကဆိုရင် မမိုးမိုးနွယ်ဟာ ကျောက်တော်မြို့မှာ သဲကျောက် သယ်ရတဲ့နေ့စား အလုပ်ကိုလုပ်ကိုင်ရင်း အရွယ်နဲ့မလိုက်အောင် မိသားစုကို ရှာဖွေကျွေးနေသူတစ်ဦး ဖြစ်ပါတယ်။ ဒီလို ရှာဖွေကျေးမွေးရင်းနဲ့ပဲ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ကျောက်တော်မြို့ပေါ်မှာ လက်နက်ကျည်တွေ ကျရောက်ပေါက်ကွဲလို့ မမိုးမိုးနွယ်ဟာ မသန်စွမ်းဘဝကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဒီလို မသန်စွမ်းသူအဖြစ် ကျန်ရှိနေတဲ့ဘဝကို ဖြတ်ကျော်ဖို့ မမိုးမိုးနွယ်ဟာ စစ်တွေမြို့ပေါ်က အလိုတော်ပြည့်ကျောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇွန်လကတည်းက စက်ချုပ်ပညာကို သင်ယူဖို့ ကြိုးစားနေတာပါ။

ဒါပေမဲ့ အခုတော့ စက်ချုပ်သင်ပေးဖို့ ဆရာမ မရှိတော့တာလည်း ငါးလကျော်အထိ ရှိသွားပြီဖြစ်သလို စက်ချုပ်ရာမှာ အသုံးပြုဖို့ ပိတ်စတွေ၊ အပ်ချည်တွေနဲ့ တခြား ပစ္စည်းတွေလည်း လုံလုံလောက်လောက်မရှိဘူးလို့ မမိုးမိုးနွယ်က ပြောပါတယ်။

“အခုဆိုရင် စက်ချုပ်သင်ပေးတဲ့ ဆရာမ မရှိတာလည်း ၅ လလောက်ရှိနေပါပြီ။ ပြီးရင် စက်ချုပ်ဖို့ ပိတ်စတွေ၊ ချည်တွေနဲ့ တခြား ပစ္စည်းတွေလည်း သိပ်မရှိပါဘူး။ ဒါပေမဲ့ ရှိတာလေးနဲ့ပဲ နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် လေ့လာသင်ယူနေရတာပါပဲ။ ဒီစက်ချုပ်ပညာနဲ့ပဲ ကျွန်မဘဝကို ရပ်တည်ရတော့မယ်လေ။ ခြေထောက် တစ်ဖက်က မရှိတော့ဘူးဆိုတော့ အရင်လို အလုပ်ကြမ်းတွေလည်း မလုပ်နိုင်တော့တာ” လို့ မမိုးမိုးနွယ်က ပြောပါတယ်။

ခြေထောက်တစ်ဘက် ဆုံးရှုံးသွားတဲ့ မမိုးမိုးနွယ်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)က ခြေတုတစ်ဖက် တပ်ဆင်ပေးထားပေမယ့် မမိုးမိုးနွယ်ကတော့ ယခင်ကလို ပုံမှန်သွားလာလို့ မရတော့ပါဘူး။

ဒါပေမဲ့ မမိုးမိုးနွယ်ကတော့ သူမရဲ့ ကျန်ရှိနေတဲ့ ဘဝခရီးလမ်းကို ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနေပါတယ်။

“အရင်တုန်းဆိုရင် ကိုယ့်မှာ ခြေထောက်တစ်ဖက်မရှိတော့လို့ စိတ်အားငယ်တယ်။ ပြီးတော့ ငိုတယ်။ နေ့တိုင်းပါပဲ။ အခုတော့ ကျွန်မ စိတ်အားမငယ်တော့ပါဘူး။ ဒီစက်ချုပ်ပညာကို တတ်အောင်သင်မယ်။ ပြီးရင် ကျောက်တော်မြို့မှာ ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး မိသားစုကို လုပ်ကျေးမယ်။ အဲဒီလိုပဲ ဘဝကို ဖြတ်သန်းဖို့ ရည်မှန်းထားပါတယ်” လို့ မမိုးမိုးနွယ်က ပြောပါတယ်။

အရင်တုန်းကဆိုရင် မမိုးမိုးနွယ်တို့ မိသားစုကို အလှူရှင်တွေက လာရောက်ထောက်ပံ့ ကြပေမယ့် အခုတော့ ကိုဗစ်ကပ်ဘေးတွေအပါအဝင် တခြား အကျပ်အတည်းတွေကြောင့် ကူညီပေးမယ့် အလှူရှင်တွေလည်း မရောက်တော့ပါဘူး။

ဒါကြောင့် မမိုးမိုးနွယ်တို့ မိသားစုဟာလည်း ဒုက္ခသည်စခန်းက ထောက်ပံ့တာကိုပဲ ကျပ်ကျပ်တည်းတည်းနဲ့ စားသောက်နေကြရပါတယ်။

ဒီလို ဆိုးရွားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရင်းနဲ့ပဲ မမိုးမိုးနွယ်ကတော့ စက်ချုပ်ပညာကို တတ်မြောက်ရင် ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး မိသားစုကို ရှာကျွေးမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ဒုက္ခသည်စခန်းမှာ နေ့စဉ် ကြိုးစားနေပါတယ်။

https://www.facebook.com/rfaburmese/posts/10161444459728128

Leave a Reply

Your email address will not be published.