By Western News/ 2021 October 28
ရခိုင် မြောက်ဦးမြို့ လေးမျက်နှာဘုရားအနီး မြတန်ဆောင်းဘုန်းကြီးကျောင်းတွင်ရှိသည့် စစ်ဘေးရှောင်ကျောင်းသားများကို မွတ်ဆလင် ကျောင်းဆရာတစ်ဦးမှ အင်္ဂလိပ်စာအခမဲ့ သင်ကြားပေးလျှက်ရှိသည်။
ကျောင်းဆရာမှာ စစ်တွေမြို့ဒေသခံတစ်ဦးဖြစ်ပြီး အင်္ဂလိပ်ဘာသာပြန်စာရေးဆရာအဖြစ်လည်းလုပ်ကိုင်ကာ လက်ရှိတွင် မွေးရပ်ဒေသအားကျေးဇူးဆပ်လို၍ ပညာရေးပိုင်းတွင် တစ်ဖက်တစ်လမ်းမှပါဝင်ဆောင်ရွက် ပေးနေခြင်းဖြစ်သည်ဟု အဆိုပါကျောင်းတွင် စာသင်ကြားပေးနေသည့် ဆရာဦးအောင်ခင် မှပြောသည်။
“ကျနော်တို့မျိုးရိုးက စစ်တွေမြို့ မောလိပ်ရပ်ကွက်မှာ ဘိုးစဉ်ဘောင်ဆက်နေထိုင်လာခဲ့တာ။ ဒီမှာကျောင်းဆရာ အဖြစ်လာမလုပ်ခင် ရန်ကုန်မှာ အင်္ဂလိပ်ဘာသာပြန်စာရေးဆရာအဖြစ်လုပ်ခဲ့သေးတယ်။ ၂၀၁၂ အရေးခင်းဖြစ်တော့ ကျနော်အလုပ်ကထွက်လိုက်ပြီးတော့ ရခိုင်ဒေသတည်ငြိမ်အေးချမ်းနဲ့ နှစ်ဖက်လူ့အဖွဲ့အစည်း သဟဇာတဖြစ်ဖို့အတွက် လုပ်ဆောင်ခဲ့တယ်။ အခုလည်းဒီမှာစာလာသင်နေတာက ကိုယ့်မွေးရပ်ဒေသကို ကျေးဇူးဆပ်ချင်တာကြောင့် တစ်ဖက်တစ်လမ်းကပါဝင်တဲ့အနေနဲ့ ပညာရေးပိုင်းကနေပြီးလုပ်ဆောင်နေတာပါ” ဟုပြောသည်။
စာသင်ကြားရာတွင် အစ္စလာမ်ဘာသာကိုးကွယ်သူ ကျောင်းဆရာနှင့် ဗုဒ္ဓဘာသာကိုးကွယ်သူ ကျောင်းသားများ ကြားတွင် အဆင်မပြေမှု တစ်စုံတစ်ရာမရှိကြောင်း ဘာသာတရားဆိုသည်မှာ တစ်ခြားဘာသာများနှင့် ဆက်ဆံရန် အတားအဆီးတစ်ခုမဟုတ် ဟုသူကဆက်ပြောသည်။
“ဒီလိုဗုဒ္ဓဘာသာကျောင်းသားတွေကို သူတို့နဲ့ကိုးကွယ်မှုမတူတဲ့ အစ္စလာမ်ဘာသာဆရာတစ်ယောက်ဖြစ်တဲ့ ကျနော်က စာသင်ရတဲ့အခါမှာ အခက်ခဲမရှိပါဘူး။ ကျနော်ရဲ့ရည်ရွယ်ချက်ကိုက နှစ်ဖက်သဟဇာတဖြစ်ပြီး အတူတကွနေထိုင်နိုင်ဖို့အတွက်ပဲလေ။ နောက်ပြီး ဘာသာတရားဆိုတာ ကိုယ်နဲ့မတူတဲ့ တစ်ခြားဘာသာတစ်ခုနဲ့ ဆက်ဆံတဲ့အခါမှာ ကြီးမားတဲ့အတားအဆီးမဟုတ်ဘူး။ ဘာသာတရားဆိုတာ မေတ္တာတရားပွားဖို့အတွက်ပါ” ဟုပြောသည်။
လက်ရှိ မြတန်ဆောင်းကျောင်းတွင် အင်္ဂလိပ်စာသင်ကြားမှုအပြင် မြတန်ဆောင်းဆရာတော်၏ ဦးစီးမှုဖြင့် မင်းပြားမြို့နယ်တွင် ဆပ်ကျာအုပ်စု ကျွန်းဥ မွတ်ဆလင်ကျေးရွာမှ ကျောင်းသားများအား အခမဲ့စာသင်ကြားပေးရန်လုပ်ဆောင်နေကာ မြောက်ဦးနှင့် မင်းပြားဘက်ရှိ မွတ်ဆလင်လူငယ် များအားလည်း နားလည်၊ သည်းခံ၊ သဘောထားကြီးပြီး အယူအဆအမှားများအား ရှောင်လွှဲနိုင်ရန် မြတန်ဆောင်းဘုန်းကြီးကျောင်းဆရာတော်ဦးနန္ဒသာရ က မိန့်သည်။
ကျောင်းတွင်အင်္ဂလိပ်စာသင်ကြားပြသပေးနေသည်မှာ တစ်လကျော်ခန့်ရှိပြီဖြစ်ပြီး မြတန်ဆောင်းကျောင်း ဆရာတော်နှင့် Online မှအဆက်အသွယ်ရခဲ့ရာမှ စာသင်ကြားပို့ချဖြစ်ခဲ့ခြင်းဖြစ်ကာ စာသင်ကြားပေးနေသည့် သူများမှာ ၁၀ တန်းနှင့် ၁၀ တန်းအောင်မြင်ထားသည့် ကျောင်းသား ၁၈ ယောက်ဖြစ်သည်ဟုသိရသည်။
https://www.facebook.com/westernnewsagency/posts/398525531953957