မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုဒေသတွင် ကျူးကျော်နေအိမ်များနှင့် မြေနေရာတိုးချဲ့လာခြင်းကြောင့် ယူနက်စကိုဝင်ရေး ထိခိုက်နိုင်

By Development Media Group (DMG)/ 2021 October 3

ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်း (UNESCO) ဝင်ရန် ကြိုးပမ်းနေသည့် မြောက်ဦးယဉ်ကျေးမှုဒေသတွင် ကျူးကျော်နေအိမ်များ၊ လမ်း၊ အဆောက်အအုံများနှင့် မြေနေရာများ တိုးချဲ့လာခြင်းကြောင့် UNESCO ဝင်ရေးမှာ ထိခိုက်မှုရှိနိုင်သည်ဟု ရှေး/သုနှင့် သုတေသန ပညာရှင်များက ပြောဆိုကြသည်။

လက်ရှိ မြောက်ဦးမြို့တွင် တောင်များဖြိုဖျက်ခြင်း၊ နေအိမ်များတိုးချဲ့ဆောက်လုပ်ခြင်း၊ ကျုံးနေရာများတွင် မြေဖို့လာခြင်း၊ ဘုန်းတော်ကြီးကျောင်းများ ဆောက်လုပ်လျက်ရှိနေကြသည်။

မြန်မာနိုင်ငံရှေးဟောင်းသုတေသနအသင်း ဥက္ကဋ္ဌ ဒေါ်ဥမ္မာမျိုးက “ အမွေအနှစ်နေရာတွေမှာ ကျူးကျော်တွေရှိနေတယ်။ အမွေအနှစ်ကို ထိခိုက်ဖို့အတွက် ခြိမ်းခြောက်မှုတွေ ရှိနေတယ်ဆိုရင်တော့ ယူနက်စကိုဝင်ဖို့ အဟန့်အတားဖြစ်နိုင်တယ်။ ဒါတွေကို ပြန်ပြီးတော့ စည်းမျဉ်းစည်းကမ်းချက်တွေနဲ့အညီ ကုစားရတယ်။ မှားခဲ့တာတွေကို ပြန်ပြီး ပြင်ဆင်ရမယ်။ အဲတာကိုလုပ်ဖို့ဆိုရင်တော့ ဒေသခံတွေအနေနဲ့လည်း နားလည်သဘောပေါက်ဖို့ လိုအပ်တယ်။ ငါတို့အရင်တုန်းကတော့ မသိလို့လုပ်မိခဲ့တယ်။ အခုတော့ ဒီလောက် ကမ္ဘာ့အဆင့်အထိ တန်ဖိုးရှိတဲ့ အမွေအနှစ်တွေကို ထိခိုက်စေနေတာလား ဆိုပြီးတော့ အသိပညာ ရသွားဖို့လိုအပ်ပါတယ်။ “ ဟု ပြောသည်။

အမှားလုပ်ထားသည့် ဒေသခံများအနေဖြင့်လည်း ထိခိုက်မရှိစေရန်နှင့် နယ်မြေတိုးချဲ့လာခြင်းလည်း ဆက်လက်မဖြစ်ပွားစေရန် မြို့ခံများ၊ ဒေသအာဏာပိုင်များနှင့် သက်ဆိုင်ရာဌာနအသီးသီးတို့ ပူးပေါင်းပြီး နည်းလမ်းတစ်ခုဖြင့် ဖြေရှင်းရန် လိုအပ်ကြောင်း ဒေါ်ဥမ္မာမျိုးက ထောက်ပြသည်။

ရှေးဟောင်းမြောက်ဦးမြို့တွင် အဆောက်အအုံနှင့် မြေနေရာများ တိုးချဲ့လာမှု ဆက်လက်ဖြစ်ပေါ်နေခြင်းမှာ ပြဌာန်းထားသည့် ရှေးဟောင်းအမွေအနှစ်များ ကာကွယ်ရေးဥပဒေနှင့် အညီ အာဏာပိုင်များနှင့် ဌာနဆိုင်ရာအသီးသီးက တာဝန်ယူဖြေရှင်းခြင်းမရှိသည့်အတွက် ကျူးကျော် များပြားလာခြင်းဖြစ်ကြောင်း မြောက်ဦးရှေးဟောင်းယဉ်ကျေးမှူ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းက ဝေဖန်ထားသည်။

“ ကျူးကျော်က တော်တော်လည်းကို များနေပြီ။ လူတွေက တောင်တွေကို ဖြိုဖျက်ကြတယ်။ တောင်ဆိုတာ မြို့တံတိုင်း ဖြစ်တယ်။ ကျုံးတွေမှာ မြေဖို့ကြတယ်။ ဆိုင်ခမ်းတွေ၊ အိမ်တွေ၊ အမျိုးမျိုးဆောက်ကြတယ်။ ဒီအတိုင်းဆိုရင် နောင်လာမဲ့ ၁၀ နှစ်နီးပါးအတွင်းမှာ မြောက်ဦးက တောင်တွေအကုန်လုံး ပျက်စီးသွားလိမ့်မယ်။ အခုတော့ မူကြမ်းတင်ထားတယ်။ ၂၀၂၂ ခုနှစ်မှာ ထပ်ပြီး မူချောတင်မယ်။ အဲဒီက ပညာရှင်တွေ လာရောက် စစ်ဆေးတဲ့အခါ တင်ထားတာနဲ့ မြေပြင်နဲ့ အများကြီး ကွာခြားမှုဖြစ်သွားနိုင်တယ်။ ” ဟု ဆိုသည်။

မြောက်ဦးယဉ်ကျေးမှုသာ ယူနက်စကို စာရင်းဝင်သွားပါက ရှေးဟောင်းဘုရား၊ ပုထိုး၊ စေတီများကိုလည်း ပေါ်ပေါက်လာသည့် အန္တရာယ်မှ အကောင်းဆုံးကာကွယ် စောင့်ရှောင့်၍ ရနိုင်ပေမည်။

တိုးချဲ့နေမြေများ ထပ်တိုးမလာရေးအတွက် ဒေသခံများကို ပထမဆုံးအနေဖြင့် အသိပညာပေးမှုလုပ်ရန်လိုအပ်ပြီး လိုအပ်ပါက ပြဌာန်းထားသည့် ဥပဒေအတိုင်း ထိရောက်စွာ အရေးယူဆောင်ရွက်ရန် လိုအပ်နေသည်။

ယင်းကိစ္စနှင့် ပတ်သတ်ပြီး မြောက်ဦးမြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ ဒီဟာက ရှေးဟောင်းသုတေသန ဦးစီးဌာနနဲ့ အနီးကပ်ကြီးကြပ်ပြီးတော့ လုပ်နေတာပဲ။ ရှေးဟောင်းသုတေသနနဲ့ပဲ အများကြီးသက်ဆိုင်ပါတယ်။ သူတို့ သတ်မှတ်ထားတဲ့ နေရာတွေမှာ ကျူးကျော်တွေရှိလာတေ့ာ သူတို့ ဥပဒေနဲ့ပဲ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးရမှာပေါ့။ ” ဟု ဆိုသည်။

လက်ရှိ ရခိုင်မှာ ရက္ခိုင့်တပ်တော် (AA) က အုပ်ချုပ်ရေးယန္တရားကို ကိုင်တွယ်နေပြီဖြစ်သည့်အတွက် ရှေးဟောင်းဘုရားပုထိုးအနီးတွင် အဆောက်အအုံများ အသစ်ဆောက်လုပ်လာခြင်း၊ ကျူးကျော်နေအိမ်များ များပြားလာခြင်းကို ဖြေရှင်းပေးသင့်ကြောင်း အမည်မဖော်လိုသည့် စစ်တွေဒေသခံတစ်ဦး (နိုင်ငံရေးအသိုင်းအဝိုင်း) က အကြံပြုတိုက်တွန်းထားသည်။

မြောက်ဦးယဉ်ကျေးမှုဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် (UNESCO) စာရင်း ဝင်ရောက်နိုင်ရေးအတွက် အဆိုပြုလွှာပြုကြမ်းကို စက်တင်ဘာလ ဒုတိယအပတ်က တင်သွင်းလိုက်ပြီဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က ကိုဗစ်ရောဂါနှင့် နယ်မြေဒေသ မတည်ငြိမ်မှုများကြောင့် မြောက်ဦးဒေသကို ကွင်းဆင်းစစ်ဆေးမှုများ မပြုလုပ်နိုင်ခဲ့သည့်အတွက် အပြီးသတ်အဆိုပြုလွှာ တင်သွင်းမှုကို တစ်နှစ်နောက် ဆုတ်ခဲ့ရသည်။

မြောက်ဦးမြို့သည် ရခိုင်ပြည်ရှိ တိုင်းရင်းသားလူမျိုးများအတွက် အလေးအမြတ် အထားရဆုံးသော မြို့ဖြစ်သလို မြန်မာနိုင်ငံတွင် နန်းသက်အရှည်ကြာဆုံးသော ရှေးဟောင်းမြို့တော် တစ်ခုလည်းဖြစ်ခဲ့သည်။

https://www.facebook.com/dmgnewsagency/posts/2123416107810789

Leave a Reply

Your email address will not be published.