By Narinjara/ 2021 October 22
သဥ္ဇာနွယ်
မလေးရှားနိုင်ငံသို့ တရားမဝင်သွားရောက်သူ ၅၂ ဦးပါ မှောင်ခိုကားတစ်စီးကို ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါကားကို ဂွမြို့နယ်၊ ဗောဓိကျေးရွာအနီး ငါးသိုင်းချောင်းကားလမ်း မိုင်တိုင်အမှတ် (၃၀/၅)အနီးတွင် အောက်တိုဘာလ ၂၁ ရက် ည ၈ နာရီခွဲခန့်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဂွမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာကို အတည်ပြု ပြောသည်။
“ကားမှောက်တယ်လို့ သတင်းရတော့ သွားကြည့်တဲ့ အချိန်မှာ ဖမ်းမိတာပါ။ သူတို့ကို ဂွမြို့မရဲစခန်းမှာ ယာယီထားထားပါတယ်”ဟု ပြောသည်။
၎င်းကားပေါ်တွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ကုန်ပွဲစား ကားပိုင်ရှင်တို့ ၃ ဦးနှင့်အတူ မူဆလင်အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၃၄ ဦးတို့ပါဝင်သည်ဟု သိရသည်။
၄င်းတို့စစ်ဆေးချက်အရ ဘူးသီးတောင်မြို့နယ် တောင်ရွာကျေးရွာနေ ပွဲစားဖြစ်သူ ဟာပရက်ဆာသယ်က မလေးရှားနိုင်ငံသို့ရောက်ရှိလျှင် တစ်ဦးလျှင် ငွေကျပ် ၆၅ သိန်းစီပေးဆောင်ရန်တောင်းဆိုမှုကို သဘောတူညီမှုဖြင့် ရသေ့တောင်မြို့နယ်မှ မလေးရှားနိုင်ငံသို့ထွက်ခွာလာစဉ် ဂွမြို့နယ်သို့အရောက်တွင် ကားမှောက်ပြီး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
၄င်းတို့ကို ၆ ဘီးယာဉ်ဖြင့် အုန်းသီး/လွှစာအိတ်များနှင့်အတူ တင်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းနှင့် ကုန်ပွဲစား ကားပိုင်ရှင်တို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းမိသူတို့အား ဥပဒေအရအရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် မူဆလင် ၄၅ ဦးပါ မှောင်ခိုစက်လှေတစ်စီးကိုလည်း အောက်တိုဘာလ ၂ဝ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ် ဗလီမော်ရွာအနီးရှိ ကုလားတန်မြစ်အတွင်း ရေတပ်နှင့် ရဲတပ်ဖွဲ့ဝင်တို့က ဖမ်းမိခဲ့သေးသည်။
၄င်းတို့ကိုလည်း ပုဏ္ဏားကျွန်းမြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး ဥပဒေအရဆောင်ရွက်နေသည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။
https://www.facebook.com/narinjara.info/posts/4805160016162704