By Narinjara/ 2021 October 8
ချစ်အိလှိုင်
အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် အနိုင်ရနိုင်ငံရေးပါတီတို့ မနက်ဖြန် တွေ့ဆုံမည့်ဆွေးနွေးပွဲသို့ ရခိုင်မှ ရခိုင်အမျိုးသားပါတီ(ANP)တက်ရောက်ရန် မဆုံးဖြတ်ရှိသေးကြောင်း သတင်းရရှိသည်။
အဆိုပါ ဆွေးနွေးပွဲသို့တက်ရောက်ရန် ပါတီအတွင်း တစ်စုံတစ်ရာ ဆွေးနွေးမှုမရှိသေးဟုလည်း ANP ၏ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က နိရဥ္စရာအားပြောသည်။
“ပါတီ CEC နဲ့ ညှိနှိုင်းနေတယ်ထင်တယ်။ ဆုံးဖြတ်ချက်ကျလာရင်တော့ တစ်ခုခုထုတ်ပြန်မှာပါ။ အမှန်က တက်မယ်ဆိုရင်တော့ အခုအချိန်ကတည်းသွားရမှာ။ ကျွန်တော်တို့ပါတီကတော့ တက်ဖို့မတက်ဖိို့ကို အတိအကျဆုံးဖြတ်မှုမရှိသေးဘူး”ဟု ပြောသည်။
အဆိုပါတွေ့ဆုံမှုကို မနက်ဖြန် အောက်တိုဘာလ (၉)ရက်၌ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က နိုင်ငံရေးပါတီများနှင့်တွေ့ဆုံကာ ရပ်တန့်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုပြန်လည်ဖော်ဆောင်နိုင်ရေးနှင့် ရှေ့ဆက်နိုင်ရေးကို ဆွေးနွေးသွားရန်ရှိသည်ဟု သိရသည်။
ရခိုင်မှ အနိုင်ရပါတီတစ်ခုဖြစ်သော ရခိုင့်ဦးဆောင်ပါတီ(AFP) အနေဖြင့် အဆိုပါဆွေးနွေးပွဲသို့တက်ရောက်ရန် အစီစဉ်ရှိမရှိကိစ္စအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရှိသေးပါ။
အဆိုပါဆွေးနွေးပွဲသို့ အနိုင်ရပါတီတို့ကိုသာ ဖိတ်ကြားခြင်းဖြစ်သဖြင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)အား ဖိတ်ကြားလာခြင်းမရှိကြောင်း ALD မှ ပြောရေးဆိုခွင့်ရှိသူ ဦးလှမြင့်က ဆိုသည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့ကို NCA လမ်းကြောင်းအတိုင်းရပ်တည်ပြီး NCA-S EAO မှ ဆောင်ရွက်သွားမည်ဟု စစ်တပ်အာဏာသိမ်းပြီးနောက်တစ်နေ့ ဖေဖော်ဝါရီ(၂) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ယင်းနောက် NSPNC ကော်မတီသည် မွန်ပြည်သစ်ပါ တီ (NMSP)၊ ဒီမိုကရေစီအကျိုး ပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြီးခဲ့သည့် ဧပြီလနှင့် မေလအတွင်း တွေ့ဆုံ ဆွေးနွေးခဲ့ကြသေးသည်။
https://www.facebook.com/narinjara.info/posts/4760435643968475