မတရားအသင်းဆက်သွယ်မှုပုဒ်မဖြင့် တရားစွဲခံထားရသည့် တောင်ကုတ်မိုးပညာဒါနကျောင်းဥက္ကဋ္ဌအမှု တရားလိုကိုစတင်စစ်ဆေး

By Narinjara/ 2021 October 6

သန္တာကျော်ဇော

မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ မိုးပညာဒါနကျောင်းဥက္ကဋ္ဌ၏အမှုတွင် တရားလိုကို ယနေ့တွင် စတင်စစ်ဆေးခဲ့သည်ဟု သတင်းရရှိသည်။

ဦးအောင်ဝင်းနိုင်၏တရားလိုဖြစ်သည့် တောင်ကုတ်မြို့ ၅၄၄ တပ်ရင်းမှ ဗိုလ်ကြီးကျော်ဇင်ဦးကို ယနေ့ အောက်တိုဘာလ ၆ ရက်တွင် တောင်ကုတ်မြို့နယ်တရားရုံး၌ စတင်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း အမှုအားလိုက်ပါဆောင်ရွက်နေသူ ရှေ့နေဦးအောင်ကြည်နိုင်က နိရဥ္စရာသို့ပြောသည်။

“ဒီနေ့မှာတော့ တရားလိုနဲ့ တရားလိုပြသက်သေတစ်ယောက်ကို စစ်ဆေးတယ်။ တရားလိုကတော့ ရှိအတိုင်းပဲထွက်ဆိုတယ်။ တရားလိုပြသက်သေလည်း အဲအတိုင်းပဲ ထွက်ဆိုသွားတယ်။”ဟုပြောသည်။

နောက်လာမည့် အောက်တိုဘာလ ၁၈ ရက်ရုံးချိန်းတွင် တရားလိုပြသက်သေကို ဆက်လက်စစ်ဆေးသွားမည်ဟုလည်း သူက ဆက်ပြောသည်။

ဦးအောင်ဝင်းနိုင်နှင့် အခြား ၆ ဦးတို့သည် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းက တောင်ကုတ်-သံတွဲလမ်းပိုင်း ဖုံညိုစစ်ဆေးရေးဂိတ်တွင် စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံလိုက်ရခြင်းဖြစ်သည်။

ဦးအောင်ဝင်းနိုင်သည် ရက္ခိုင့်တပ်တော်(AA)သို့ သစ်အခွန်ခငွေသုံးသိန်း အခွန်ဆောင်ခဲ့ပြီး အမည်မသိ လူ ၆ ဦးကို AA သို့ပို့ဆောင်ပေးခဲ့သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် တောင်ကုတ်မြို့ ၅၄၄ တပ်ရင်းမှ ဗိုလ်ကြီးကျော်ဇင်ဦးက တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် သြဂုတ်လ ၉ ရက်နေ့တွင် စတင် တရားစွဲဆိုခံလိုက်ရခြင်းဖြစ်သည်။

မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁)သည် ၂ နှစ်ထက်မနည်း၊ ၃ နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ် ၂ ရပ်လုံးချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4754446597900713

Leave a Reply

Your email address will not be published.