မင်းပြားမြို့တွင် နေအိမ်တစ်လုံးအတွင်းမှ ကျပ်သိန်း ၂၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

By Narinjara/ 2021 October 11

နှင်းနွယ်နီ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ ကျပ်သိန်း ၂၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါမူးယစ်ဆေးဝါးများကို ယမန်နေ့ အောက်တိုဘာလ ၁၀ ရက် နေ့လယ် ၁ နာရီအချိန်ခန့်က မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်နေ ဦးဝင်းနိုင်(၄၀ နှစ်)၏နေအိမ်အား ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေရာတွင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း မင်းပြားမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်မင်းလွင်က ပြောသည်။

“ဖမ်းဆီးရမိတာမှန်ပါတယ်။ သတင်းအရ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းတာပါ” ဟုပြောသည်။

ဖမ်းမိရာတွင် ကာလတန်ဖိုး ၂,၀၂၂,၀၀၀ ကျပ်ခန့်ရှိသည့် WY စာတန်းပါ ပန်းရောင်နှင့် လိမ္မော်ရောင်စိတ်ကြွဆေးပြား ၁၀၁၁ ပြားနှင့် မူးယစ်ဆေးဝါးရောင်းရငွေ ၄၀၇,၀၀၀ ကျပ်တို့ကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ကော်ပိုက် ၇၂ ချောင်း၊ ပြုပြင်ထားသည့် ဘတ်စ်မီးခြစ် ၃၀ လုံး၊ အချိုရည်ဘူးနှင့် ကော်ပိုက်တပ်ဆင်ထားသည့် ဘူး ၁၆ ဘူး၊ ကပ်ကြေးဖြင့်ညှပ်ထားသော ခဲစက္ကူများ ဖမ်းဆီးရမိခဲ့သည်ဟုလည်း သိရသည်။

ယခုကဲ့သို့ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိ ဖမ်းဆီးရမိခဲ့သူအား အမှုဖွင့်လှစ်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4769681676377205

Leave a Reply

Your email address will not be published.