ဘုရားပျော် မျောက်တို့ ဒုက္ခ

By Development Media Group (DMG)/ 2021 October 4

(ဆောင်းပါး)

(၁)

ကျွန်တော်ဟာ မျောက်တစ်ကောင်။ သို့သော်လည်း တောကြီးတောင်ကြီးမှာ တိရစ္ဆာန်အပေါင်းနှင့် ပျော်နေသော မျောက်မျိုးမဟုတ်။ ဘုရားတောင်မှာသာ ပျော်သော ဘုရားပျော်မျောက်။

ဘုရားတောင်ဆိုသော်လည်း သာမန်တောင်မျိုးမဟုတ်။ ရခိုင်လူမျိုးတို့ မြတ်နိုးတန်ဖိုးထားကြသည့် ကစ္ဆပနဒီဘေးမှ သေလာဂီရိမောရပဗ္ဗတတောင်တော်ဖြစ်သည်။ ထိုတောင်တွင် မြတ်ဗုဒ္ဓ၏ ကျောက်ရိုးတော်ဓါတ်ကို စေတီတည်ထား ကိုးကွယ်လျက်ရှိပါသည်။ ဗုဒ္ဓမြတ်စွာဘုရား ရခိုင်ပြည် ဓညဝတီသို့ကြွချီလာခဲ့ချိန်က ပထမဆုံး ရပ်နားတော်မူခဲ့သော သမိုင်းဝင်တောင်လည်းဖြစ်သည်။ ထိုသို့ သမိုင်းတန်ဖိုးကြီးမားသော တောင်တော်မှာနေထိုင်ရ၍ ကျွန်တော်ပျော်၏။ မိမိကိုယ်ကိုဂုဏ်လည်းယူ၏။ ကျွန်တော်ကဲ့သို့ သေလာဂီရိကိုချစ်သော အခြားမျောက်အပေါင်းလည်း ပျော်ကြ၏။ ဂုဏ်လည်းယူကြ၏။ ရခိုင်လူမျိုးတို့သည် ကိုယ့်မြေကိုယ့်ရေကို ချစ်မြတ်နိုးကြသကဲ့သို့ ကျွန်တော်တို့သည်လည်း ဤနေရာ ဤတောတောင်ကို ချစ်မြတ်နိုးကြသည်။ ဘုရားတောင်သည် ကျွန်တော်တို့၏ ဇာတိချက်မြုပ်မြေလည်း ဖြစ်သည်။

ဤဇာတိမြေတွင် ကျွန်တော်သိတတ်စအရွယ်ကပင် သီးပင်စားပင်များ မရှိသလောက်နည်းပါး၏။ သို့သော်လည်း ကျွန်တော်တို့ အစာရေစာမဝသောနေ့ဟူ၍ မရှိ။ မြတ်ဗုဒ္ဓ၏ ကျောက်ရိုးတော်ဓါတ်ကို ဖူးမျှော်ရန်လာရောက်သူ မစဲသောကြောင့် အပူအပင်မရှိ ဝဝလင်လင်စားသောက်ခဲ့ရပါ၏။ ထိုကျွေးကျေးဇူးရှင်တို့ကြောင့် ကျွန်တော်တို့ အဟာရမျိုးစုံကို မှီဝဲခွင့်ရရှိခဲ့ကြသည်။ ဘုရားဖူးလာသူတို့ကလည်း ကျွန်တော်တို့ကိုမြင်လျှင် ပျော်ရွှင်ကြသည်။ ကလေးများဆိုလျှင် ပို၍ပျော်ရွှင်ကြပါ၏။ ကြောက်တတ်သောကလေးများကို ကျွန်တော်တို့က အရုပ်ပြကြသည်။ မျောက်ခြောက် ခြောက်ကြသည်။ ထိုသို့လုပ်ပြလိုက်၊ ပဲတောင့်များကို ဆွေမျိုးတစ်စုလုစားလိုက်၊ ငှက်ပျောသီး တစ်လုံးကို ပါးစပ်ထဲတွင်ထည့်ထားပြီး အခြားတစ်လုံးကို ကိုင်စားလိုက်နှင့် ဘုရားတောင်မှာ နေထိုင်ရသော ကျွန်တော်တို့၏ဘဝများမှာ လွန်စွာအေးချမ်းခဲ့ကြပါသည်။ ရိုက်နှက် သတ်ပုတ်ခြင်းတို့လည်း လုံးဝမရှိချေ။ ထို့ကြောင့် ဤဘုရားတောင်သည် ကျွန်တော်တို့၏ နိဗ္ဗာန်ဘုံပင်ဖြစ်ခဲ့ပါသည်။

သို့သော်လည်း တစ်နေ့သောအခါတွင် ကျွန်တော်တို့၏နိဗ္ဗာန်ဘုံကြီးသည် ပျက်စီးခြောက်ကပ်ခြင်းနှင့်အတူ ငရဲပြည်သို့ ဖြစ်ခဲ့ရပါသည်။ ထိုသို့ဖြစ်ခဲ့ကြချိန် ကျွန်တော်တို့၏ ဘဝများမှာ ဝမ်းနည်းစရာ ကောင်းလှပါသည်။

(၂)

ထိုနေ့တွင် လူတို့အချင်းချင်း အကြီးအကျယ်ရန်ဖြစ်ကြသည်ဟု သိရှိရပါသည်။ ထိုရန်ပွဲများကြောင့် ကျွန်တော်တို့ တစ်ဆွေတစ်မျိုးလုံး ဒုက္ခရောက်ကြရသည်။ ထိုရန်ပွဲသည် အဖိုးတို့ပြောပြခဲ့ကြသည့်အတိုင်း ဓါး၊ လှံ၊ လေးများနှင့် အပြန်အလှန်တိုက်ခိုက်ခြင်းမျိုး မဟုတ်။ လက်နက်ဆန်းကြီးများဖြင့် တိုက်ခိုက်ကြသော ရန်ပွဲပင်ဖြစ်သည်။ တဒိုင်းဒိုင်းနှင့် အသံကြီးများကို ကြောက်ရွံ့စွာကြားရသည်။ မြေကမ္ဘာကြီးတို့ တုန်လှုပ်သည်ကိုလည်း ကြုံရသည်။ လက်နက်သံများ ကျယ်လောင်သောကြောင့် နားပိတ်၍နေခဲ့ကြရသည်။ အရီးဖင်နီမ သား မျောက်လောင်းလေးမှာ ထိုအသံများကြောင့် အကြားအာရုံပင် ထုံထိုင်းသွားသည်ဟု ဆို၏။

ထိုလူသားရန်ပွဲများကို ပြည်တွင်းစစ်ပွဲများဟုခေါ်ကြောင်း နောင်တွင်သိရှိခဲ့ပါသည်။ ထိုရန်ပွဲများကြောင့် ကျွန်တော်တို့၏ ဘုရားတောင်သို့ ဘုရားဖူးများ အလာစဲခဲ့သည်။ နောက်ကြာလာသောအခါ လုံးဝမရောက်ရှိ ကြတော့ချေ။ ထိုအခါ ကျွန်တော်တို့အတွက် ဟာရစုံကိုရောင်းချပေးကြပါသော လူများ၊ ဆိုင်များလည်း ပျောက်ကွယ် သွားကြသည်။ နောက်ဆုံးတွင် ဘုရားတောင်တစ်ခုလုံး တိတ်ဆိတ်သွားလေတော့သည်။

ထို့ကြောင့် ကျွန်တော်တို့ ဝမ်းနည်းစွာငိုကြွေးမိကြသည်။ မျှော်လင့်မထားသော ဤဖြစ်ရပ်ကြောင့် ကျွန်တော်တို့ အစာရေစာငတ်ပြတ်ခဲ့ကြသည်။ ဘုရားတောင်တစ်ခုလုံး လူသူဆိတ်သွားခြင်းကြောင့် ကျွန်တော်တို့၏ စားဝတ်နေရေး လုံးဝပြိုလဲသွားခဲ့ကြလေသည်။ ဗိုက်ဆာ၍ ငိုကြွေးနေကြသော မျောက်ငယ်များ၊ မျက်ရည်ဥတို့ တွဲခိုနေကြသော မျောက်ရွယ်များကြောင့် ကျွန်တော်တို့ပို၍ စိတ်မကောင်းဖြစ်ခဲ့ရပါသည်။ ထိုသို့ဖြစ်နေချိန်တွင် မျောက်အပေါင်းအား သတ်စား၊ ရိုက်စားကြသော မိစ္ဆာစိတ်နှင့်လူတို့ ဘုရားတောင်ကို ရောက်ရှိလာခြင်းက ပိုဆိုခြင်းပင်မဟုတ်လား။

ရခိုင်လူမျိုးတို့သည် ရက္ခိတဆိုသော ဂုဏ်ပုဒ်နှင့်အညီ အမျိုး၊ သီလ နှစ်ဌာနနှင့် ဒေသကိုပါ ချစ်မြတ်နိုးသူများ ဖြစ်ကြသည်။ သူတို့နေထိုင်ရာ ရခိုင်ပြည်ကြီးသည် အလုပ်အကိုင်အခွင့်အလမ်းရှားပါးပြီး ဆင်းရဲသောပြည်လည်း ဖြစ်သည်။ ထို့ကြောင့် ရခိုင်လူငယ်၊ လူရွယ်အများစုသည် မိမိတို့၏ဒေသကိုချစ်သော်လည်း ဝမ်းရေးအတွက် ဒေသကို စွန့်ကြရသည်။ မခွဲခွာချင်သော်လည်း ခွဲခွာနေကြရသည်။ ဤအကြောင်းအရာများအား ဘုရားဖူးလာသူတို့ထံမှ ကျွန်တော်ကြားမိခြင်းဖြစ်ပါသည်။

ယခုအခါ ကျွန်တော်တို့ မျောက်အပေါင်းသည်လည်း ထိုကိန်းသို့ဆိုက်ကပ်လာခဲ့ပြီ။ ဘုရားတောင်ကိုချစ်၍ ဘုရားအနီးမှာနေချင်သော်လည်း ဝမ်းရေးကြောင့် စွန့်ခွာရန်ဖြစ်လာခဲ့ကြသည်။ အရွယ်ကောင်းသော မျောက်အချို့ ဘုရားပျော်မျောက်ဘဝမှ တောပျော်မျောက်များဖြစ်လာခဲ့ကြသည်။ သို့သော်လည်း ကျွန်တော်မစွန့်ခွာဖြစ်။ ကျွန်တော်သည် မြေကိုချစ်၍ တီဖြစ်ခံမည့် မျောက်တစ်ကောင်ပင်ဖြစ်သည်။ မည်သို့ပင် ခက်ခဲနေပါစေ ဤဇာတိမြေ ဘုရားတောင်ကို လုံးဝစွန့်ခွာဖြစ်လိမ့်မည် မဟုတ်။

(၃)

အစာငတ်ဒုက္ခဆိုက်နေချိန်တွင် ကျွန်တော်တို့တစ်ခု စဉ်စားမိပါသည်။ ဘုရားတောင်မှာ လူမရှိသော်လည်း မြစ်တစ်ဖက်ကမ်းတွင် လူအများသွားလာလှုပ်ရှားနေကြသည်ကို မြင်တွေ့နေရသည်။ ထို့ကြောင့် တစ်ဖက်ကမ်းသို့ကူးပြီး အစာရှာကြရန်ဆုံးဖြတ်ကြသည်။ စားဝတ်နေရေးကြောင့် မဖြစ်မနေသွားကြရမည် ဖြစ်သော်လည်း မိမိတို့မရောက်ဖူးသောနေရာဖြစ်၍ စိုးရိမ်မိကြသည်။ သို့သော်လည်း ငတ်၍မသေကြရန် သေမထူး နေမထူး လမ်းကိုလျှောက်ကြရလေသည်။

ကစ္ဆပနဒီတံတားကိုဖြတ်၍ တစ်ဖက်ကမ်းသို့ရောက်ရှိကြသောအခါ ကျေးဇူးရှင်လူသားများကို မြင်ရသည်။ ကျေးဇူးရှင်များကိုမြင်တွေ့ရ၍ အလွန်ပျော်ရွှင်မိကြသည်။ သို့သော် အထင်နှင့်အမြင် မတူတော့ချေ။ လူတို့သည် ကျွန်တော်တို့ကိုမြင်သောအခါ အစာမပေးသည့်အပြင် “တဟေး ဟေး” “တဝေး ဝေး”နှင့် နှင်ထုတ်ကြလေသည်။ အုပ်စုလိုက် လိုက်ကြသည်မှာ တိုင်းပြည်ပျက်သည့်အလား။ အချို့ဆိုလျှင် ငှက်ပျောသီးအစား ကျောက်ခဲများကို ကျွေးကြ၍ ဘုရားကိုးမရ တရားကိုးမရ ပြေးလွှားရှောင်တိမ်းခဲ့ကြရသည်။ ကျွန်တော်တို့သည် လူတို့၏စိတ်ကို နားမလည်ဖြစ်ပြီး ကြောင်တောင်တောင်နှင့် ထိုပြေးသည်ပြေး ပြေးလွှားခဲ့ရခြင်းကြောင့် ဒဏ်ရာများလည်း ရရှိခဲ့ကြပါသည်။

လူအများ၏စိတ်သည် နေရာဒေသကိုလိုက်၍ ပြောင်းလဲကြသည်ကို သိရှိခဲ့ကြသည်။ အသိဉာဏ်ရှိသလောက် ယုတ်မာမှုလည်းရှိကြသည်။ ဟန်ဆောင်ပြီး ချစ်ခြင်း၊ မုန်းခြင်းများကိုလည်း ပြုလုပ်တတ်ကြသည်။ လူတို့သည် ကျွန်တော်တို့အား အမှန်ချစ်ခဲ့ခြင်းမဟုတ်ကြောင်းသိလိုက်ရ၍ ခိုးစား၊ လုစားရန် ဆုံးဖြတ်ဖြစ်ခဲ့ကြပါသည်။ မိမိတို့ မစားရ၍နေနိုင်သော်လည်း ဘုရားတောင်တွင်ကျန်ခဲ့သော မွေးကင်းစမျောက်ငယ်တို့ မစားရလျှင်မနေနိုင်ကြချေ။ ထို့ကြောင့် ဘုရားပျော်မျောက်တို့သည် ဝမ်းရေးကြောင့် တရားတော်ကို မစောင့်နိုင်ဖြစ်ခဲ့ကြသည်။

နေဝင်စချိန်များတွင် လူနေအိမ်များသို့ဝင်ရောက်ပြီး အိုးနှိုက်သူနှိုက်၊ အသီးခိုးသူခိုး၊ စား၍ရမှန်းမသိ မရမှန်းမသိ ရတာဟူသမျှ ကောက်ယူကြလေသည်။ ထိုလုပ်ရပ်ကြောင့် လူတို့ပိုမုန်းကြမည်မှန်း သိကြသည်။ သို့သော်လည်း မတတ်နိုင်တော့ချေ။ မျောက်အပေါင်းတို့သည် ခွေးတွေလိုက်တာ ခံရသူခံရ၊ လူသတ်တာကို ခံရသူခံရနှင့် ဒဏ်ရာအမျိုးမျိုးရရှိခဲ့ကြသည်။ သို့သော် အပြင်ဒဏ်ရာထက် စိတ်ဒဏ်ရာက ပိုဆိုးသည်မဟုတ်လား။

(၄)

ထိုသို့အစာရှာဖွေရေး စွန့်စားခန်းများကိုကျော်ဖြတ်နေချိန် ထူးဆန်းသောမြင်ကွင်းတစ်ခုကို မြင်တွေ့ခဲ့ရပါသည်။ ထိုမြင်ကွင်းသည် လူတို့အုပ်စုလိုက်နေထိုင်ကြရသော ဒုက္ခသည်စခန်းများပင်ဖြစ်သည်။ သူတို့သည်လည်း ကျွန်တော်တို့မျောက်အပေါင်းကဲ့သို့ လူသားရန်ပွဲများကြောင့် ဒုက္ခရောက်နေသူများပင် မဟုတ်လား။ ထိုသို့ဒုက္ခသည်စခန်းများ ရခိုင်ပြည်အနှံ့တွင်ရှိနေကြောင်း ကျွန်တော်ကြားသိခဲ့ရသည်။ ဤလူသားရန်ပွဲများကြောင့် အားလုံးဒုက္ခရောက်နေကြခြင်းပင် မဟုတ်လား။

ထိုနေ့မှစ၍ ကျွန်တော်တို့သည် လူအများကိုဒုက္ခမပေးဘဲ ကစ္ဆပနဒီတံတားပေါ်တွင် တောင်းစားကြရန် ဆုံးဖြတ် ဖြစ်ခဲ့ကြသည်။ အပူသည်လူသားတို့အား အပူထပ်၍မပေးချင်သည်က ကျွန်တော်တို့၏ မေတ္တာတရားပင်ဖြစ်သည်။ ထိုမေတ္တာတရားများကြောင့် တံတားပေါ်တွင်နေသော ကျွန်တော်တို့မျောက်အပေါင်း အစာအနည်းငယ်ကို ရရှိခဲ့ကြသည်။ တံတားကိုဖြတ်သော ခရီးသွားပြည်သူတို့သည် အစားများကိုပေးကမ်းစွန့်ကြဲကြသည်။ သို့သော်လည်း ဘုရားတောင်မှာနေချိန်ကကဲ့သို့ အဆင်မပြေချေ။ ဝအောင်မစားရသောနေ့များ များပြားလှသည်။ ဘုရားတောင်မှာ နေချိန်က အစာပေါ၍ ငှက်ပျောသီးကိုပင်မစားချင်တော့ချေ။ ယခုတံတားပေါ်တွင် တစ်နေ့လုံးထိုင်၍ ငှက်ပျောသီး တစ်လုံးမရရှိသည်က များသည်။ တစ်လုံးသာရရှိခဲ့ပါလျှင် အပျော်များဆို့၍ မျက်ရည်ပင်ဝဲမိပါသည်။

သို့သော်လည်း နောက်နေ့များတွင် ဝဝလင်လင်စားရရန် လူတို့ကိုပို၍မေတ္တာပို့ဖြစ်သည်။ ဤလောကကြီးတွင် နေထိုင်သော သတ္တဝါတိုင်း၌ အခက်အခဲကိုယ်စီရှိကြသည် မဟုတ်လား။ နေ့တိုင်းအဆင်ပြေနေလျှင် ဒုက္ခဆိုသော စကားလုံး ရှိပါမည်လား။ ခက်ခဲမှုများကို ကျွန်တော်တို့မျောက်အပေါင်း တရားနှင့်ဖြေရန် ကြိုးစားလာကြသည်။ ဆုတောင်းမေတ္တာပို့မှုများလည်း နေ့စဉ်ပြုလုပ်လာကြသည်။ မေတ္တာတရားသည်ပင် သတ္တဝါအချင်းချင်း ချစ်ခင်ရန် ပေါင်းကူးတံတားမဟုတ်လား။

ယခုအချိန်တွင် လူသားရန်ပွဲများ ဆိတ်ငြိမ်နေသော်လည်း ဗိုင်းရပ်စစ်ပွဲက ရှိတုန်းပင်ဖြစ်သည်။ ထို့ကြောင့် ဘုရားတောင်တွင် ဘုရားဖူးများ များစွာမရောက်ရှိသေးချေ။ ထို့ကြောင့် ကျွန်တော်တို့သည် အငတ်ဘေးကို ရင်ဆိုင်နေရတုန်းပင်ဖြစ်သည်။ ဘုရားပျော်မျောက်အပေါင်းအား ဤဒုက္ခဆိုးမှလွတ်စေချင်ပါပြီ။ ဒုက္ခသည် လူအများကိုလည်း ကိုယ်အိမ်၊ ကိုယ့်ယာ၊ ကိုယ့်နေရာတွင် အေးချမ်းစွာနှင့်မြင်ချင်လှပါပြီ။ ဘုရားတောင်တွင် ဘုရားဖူးများကိုလည်း ယခင်ကကဲ့သို့ ပြန်ရောက်စေချင်ပြီ။ ဘုရားဖူးသားတို့ရောက်ရှိမှ ကျွန်တော်တို့ ငှက်ပျောသီးနှင့် ပဲတောင့်များကို ဝဝလင်လင်စားသုံးရမည်။ တံတားပေါ်တွင် တောင်းစားနေရသော သူတောင်းစားဘဝမှလည်း ကျွတ်မည်။

ထို့ကြောင့် ကျွန်တော်တို့မျောက်အပေါင်းသည် ဇာတိမြေ သေလာဂီရိတောင်ထိပ်မှ ကျောက်ရိုးတော်ဓါတ် စေတီတွင် နေ့တိုင်းဆုတောင်းဖြစ်ကြသည်။ ကျွန်တော်တို့ တောင်းဖြစ်သောဆုမှာ ငှက်ပျောသီး ဝဝလင်လင် စားရပါစေမဟုတ်ပေ။ ရခိုင်ပြည်ကြီး ကပ်ဘေး၊ စစ်ဘေးမှ အမြန်ဆုံးဝေးပါစေပင်ဖြစ်သည်။

မောင်မေယု(ဘူးသီးတောင်)

https://www.facebook.com/dmgnewsagency/posts/2124917360993997

Leave a Reply

Your email address will not be published.