ပြည်ပသို့တင်ပို့မှု ရပ်တန့်နေ၍ ရခိုင်ပြည်ထွက် ဂုံးယောက်မ(ခေါ် )ဂုံးစောက် တင်ပို့မှုနှင့် ဈေးနှုန်းများကျဆင်း

By Western News/ 2021 October 4

ရခိုင်ပြည်ရေထွက်ကုန်ဖြစ်သည့် ဂုံးယောက်မ (ခေါ်)ဂုံးစောက် လုပ်ငန်းများမှာ ကိုဗစ်ရောဂါနှင့် နိုင်ငံရေးအခြေအနေများကြောင့် ပြည်ပဖက်သို့ မတင်ပို့နိုင်သည့်အတွက် ရောင်းအားနှင့် ဈေးနှုန်းများပါ ကျဆင်းနေကြောင်း ဂုံးအဝယ်ဒိုင် လုပ်ကိုင်သူများကပြောသည်။

ယခင်က တရုတ်နိုင်ငံဖက်သို့ တင်ပို့နိူင်သဖြင့် တစ်ရက်လျှင် ပိဿာ ၂၀ ဆန့် ဘူးကြီး ၁၀ ဘူးမှ ၁၅ ဘူး အထိတင်ပို့နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်ကိုဗစ် ပထမလှိုင်းစတင်ဖြစ်ပွားချိန်မှစ၍ ပြည်ပနိုင်ငံများသို့ မတင်ပို့နိုင်တော့ဘဲ ရန်ကုန်မြို့ရှိ စားသောက်ဆိုင်တချို့သာဝယ်ယူမှုရှိကြောင်း ဂုံးအဝယ်ဒိုင်မှပြောသည်။

ပြည်ပသို့မတင်ပို့နိုင်သည့်အခါ ပြည်တွင်းတွင် ဈေးကွက်မရှိသဖြင့် ယခင်က ၁ ကီလိုလျှင် ၁၂၀၀၀ ကျပ်ခန့် ရရှိခဲ့ရာ လက်ရှိတွင် ၁ ကီလိုလျှင် ၈၀၀၀ ကျပ်ခန့်သာ ရရှိတော့သည်ဟု ကျောက်ဖြူမြို့ ဂုံးယောက်မ အဝယ်ဒိုင်ပိုင်ရှင် ဦးဇော်မင်းသန်းကပြောသည်။

“အရင်တုန်းကတော့ ရန်ကုန်ကနေ တရုတ်ဖက်ကို တင်ပို့နိုင်လို့ ဈေးက ၁ ကီလိုကို ၁၂၀၀၀ ကျပ်လောက်ရတယ်။ ကိုဗစ် ပထမလှိုင်းဖြစ်ကတည်းက ပြည်ပဖက်တွေမတင်ပို့နိုင်တော့ဘူး။ ဈေးကလည်း ခုက ၈၀၀၀ ပဲရတော့တယ်။ အရင်တုန်းက တစ်ရက်ကို ဘူးကြီး ၁၅ ဘူးလောက်ပို့ရတယ်။ ခုက စားသောက်ဆိုင်တွေက မှာယူမှပဲ ရောင်းရတယ် တစ်ရက်ကို ၁ ဘူး ပဲပို့တဲ့အခါပို့ရတာပေါ့”ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် အဆိုပါ ဂုံးယောက်မ(ခေါ်)ဂုံးစောက် များကို ကျောက်ဖြူမြို့နယ် တစ်ခုတည်းတွင် အများဆုံး တွေ့ရပြီးမာန်အောင်တွင်လည်း အနည်းငယ်သာတွေ့ရကြောင်းလည်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါနှင့် နိုင်ငံရေး အခြေအ နေတို့ကြောင့် ပြည်ပမှတင်သွင်းကုန်များမှာ ဖေဖော်ဝါရီ လလယ်ခန့်မှစ၍ ဈေးနှုန်းများ အဆမတန်မြင့်တက်လျက်ရှိသည်။ သို့သော် ပြည်တွင်းရေထွက်ကုန်များဖြစ်သည့် ဂဏန်း၊ ငါး၊ ပုဇွန်၊ ဂုံးတို့အပါအဝင် တခြားရေထွက်ကုန်များမှာ ပြည်ပဖက်သို့ မတင်ပို့နိုင်သဖြင့် ဈေးနှုန်းများကျဆင်းလျက်ရှိသည်။

https://www.facebook.com/westernnewsagency/posts/383102056829638

Leave a Reply

Your email address will not be published.