ပလက်ဝမြို့စိုက်ပျိုးရေးကွင်းအနီးရှိ ဆိုင်ခန်းများကို ဖြိုဖျက်ရန်ညွှန်ကြား

By Western News/ 2021 October 2

ချင်းပြည်နယ်၊ ပလက်ဝမြို့၊ စိုက်ပျိုးရေးကွင်းအရှိ စားသောက်ကုန်ပစ္စည်းများရောင်းချလျှက်ရှိနေသည့် ဆိုင်ခန်းများကို ဖြိုဖျက်ပေးရန် စက်တင်ဘာလ ၃၀ ရက်နေ့တွင် စိုက်ပျိုးရေးဦးစီးဌာနမှပြောဆိုလာသည်ဟု ဆိုင်ခန်းပိုင်ရှင်များကပြောသည်။

ပလက်ဝမြို့စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းဦးလင်းဝိုက်က ဆိုင်ခန်းများကို တစ်ပတ်အတွင်း ဖြိုဖျက်ပေးရန် ၄င်းတို့ဌာနမှ မန်နေဂျာ ဦးမာန်ကြီးနှင့် မြို့အခြေစိုက် ခမရ ၂၈၉ တပ်မမှ တပ်မမှူးတို့က ညွှန်ကြားလိုက်သည်ဟုဆိုကာ လာရောက်ပြောဆိုလာသည်ဟု စားသောက်ကုန်စ္စည်းများရောင်းချနေသည့် ဆိုင်ပိုင်ရှင် ဦးကျော်စောလှက Western News ကို ပြောသည်။

“ကျွန်တော်တို့ဆိုင်ပိုင်ရှင်တွေအကုန်လုံးကို ဦးလင်းဝိုက်က တစ်ပတ်အတွင်းဆိုင်တွေကို ဖျက်ပေးရမယ်လို့ ပြောတယ်။ ကျွန်တော်တို့က ခင်ဗျားကို ဘယ်သူကပြောခိုင်းတာလဲလို့မေးတော့ တပ်မမှူးကခိုင်းလိုက်တာ။ ပြီးတော့ မန်နေဂျာကလည်း ခိုင်းလိုက်တာလို့‌ပြောတယ် ”ဟု ပြောသည်။

အဆိုပါဆိုင်ခန်းများမှာ ပလက်ဝမြို့၊ မြို့မရပ်ကွက် ပလုတ်တောင်ဆိပ်ကမ်းအနီးရှိ စိုက်ပျိုးရေးကွင်း ဝန်းကျင်တွင် ကုန်ပစ္စည်းများရောက်ချနေသည့်ဆိုင်များမှာ ၁၆ ဆိုင်ရှိပြီး ၎င်းနေရာ၌ ရောင်းချနေသည်မှာလည်း နှစ် ၁၀ ကျော်ကြာနေပြီဖြစ်ကြောင်း ပန်းပဲဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

“ ကျွန်မတို့ မှာဆိုင်ခန်းကိုဖြိုဖျက်လိုက်ရင် ဘယ်နေရာမှာလုပ်စားရမှာလဲ။ ဒီနေရာကနေ ကျွန်မတို့ ဘယ်ကိုမှ မသွားဘူး။ ဒီနေရာမှာလုပ်ကိုင်နေတာ နှစ်ပေါင်း ၁၀ ကျော်ရှိပြီ။ ဆိုင်ခန်းဆောက်ပြီးတော့ လုပ်ကိုင်နေကတည်းက စိုက်ပျိုးရေးဌာနကို တစ်နှစ်မှာ ငွေ ၅၀၀၀၀ သောင်သွင်းရတယ်။ နှစ်တိုင်းကျွန်မတို့ ပေးရတယ်။ အခုလိုဖျက်ပေးရမှာကို လုံးဝကန့်ကွက်တယ်”ဟု ဆိုသည်။

ဆိုင်ခန်းများကိုဖြိုဖျက်ပေးရမည့်ကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့စိုက်ပျိုးရေးဦးစီးဌာနမှ မန်နေဂျာ ဉီးမှန်ကြီးက ဆိုင်ပိုင်ရှင်များနှင့် စစ်သားများအကြား ပြဿနာ ဖြစ်မည်ကိုစိုးရိမ်၍ ဆိုင်များကိုဖြိုဖျက်ရန်ညွှန်ကြားခဲ့ရသော်လည်း လက်ရှိတွင် ဆိုင်ပိုင်ရှင်များနှင့် ညှိနှိုင်း၍ ဆိုင်ခန်းများကို မဖြိုဖျက်တော့ကြောင်း ပြောသည်။

“ဆိုင်ခန်းတွေကို မဖြိုဆိုလို့မရဘူး။ ဆိုင်ရှင်တွေက အကြွေးတွေပေးတော့ အကြွေးတွေကို တပ်ရင်းမှူးဆီသွား တောင်းကြတယ်။ ဒီဟာကမကောင်းဘူး။ စစ်သားတွေနဲ့ပြဿနာဖြစ်သွားနိုင်တယ်။ အဘကဟိုတစ်နေ့က ကျွန်‌တော်တို့ကိုပြောတယ်။ ဆိုင်ခန်းတွေကိုဖြိုခိုင်းတာတော့ ကျွန်တော်တို့ဌာနက ခိုင်းတာ။ အခုတော့ ဆိုင်ရှင်တွေနဲ့ ညှိလိုက်တယ်။ သူတို့ကဘာပြဿနာမှမဖြစ်ဘူး။ အမြဲတမ်းဒီလိုနေနေတာလို့ပြောတယ်။ အဲဒါကြောင့် မဖြိုတော့တာ”ဟုဆိုသည်။

https://www.facebook.com/westernnewsagency/posts/381886256951218

Leave a Reply

Your email address will not be published.