တောင်ကုတ်မိုးပညာဒါနကျောင်းဥက္ကဋ္ဌအမှု လိုပြသက်သေမရောက်၍ အောက်တိုဘာ ၂၈ ရက်တွင် စစ်ဆေးရန်ပြန်ချိန်း

By Narinjara/ 2021 October 18

မြထွီးသျှင်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ မိုးပညာဒါနကျောင်းဥက္ကဋ္ဌ၏အမှုတွင် လိုပြသက်သေကို ယနေ့စစ်ဆေးရန်ရှိသော်လည်း ရုံးချိန်းသို့ရောက်မလာ၍ အောက်တိုဘာ ၂၈ ရက်တွင် စစ်ဆေးရန်ပြန်ချိန်းလိုက်သည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးအောင်ကြည်နိုင်က နိရဥ္စရာသို့ပြောသည်။

“တရားလိုနဲ့လိုပြသက်သေ မရောက်တဲ့အတွက် ရုံးချိန်းကို နောက်အပတ်ကိုပြန်ချိန်းလိုက်ရပါတယ်” ဟု ပြောသည်။

မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့် တရားစွဲခံထားရသည့် မိုးပညာဒါနကျောင်းဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်၏တရားလိုဖြစ်သည့် တောင်ကုတ်မြို့ ၅၄၄ တပ်ရင်းမှ ဗိုလ်ကြီးကျော်ဇင်ဦးကို အောက်တိုဘာလ ၆ ရက်တွင် တောင်ကုတ်မြို့နယ်တရားရုံး၌ စတင်စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေကိုမူ ယနေ့တွင်စစ်ဆေးရန် ချိန်းဆိုခဲ့ခြင်းဖြစ်သည်။

ဦးအောင်ဝင်းနိုင်နှင့် အခြား ၆ ဦးတို့သည် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းက တောင်ကုတ်-သံတွဲလမ်းပိုင်း ဖုံညိုစစ်ဆေးရေးဂိတ်တွင် စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံလိုက်ရသည်။

ဦးအောင်ဝင်းနိုင်သည် ရက္ခိုင့်တပ်တော်(AA)သို့ သစ်အခွန်ခငွေသုံးသိန်း အခွန်ဆောင်ခဲ့ပြီး အမည်မသိ လူ ၆ ဦးကို AA သို့ပို့ဆောင်ပေးခဲ့သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် တောင်ကုတ်မြို့ ၅၄၄ တပ်ရင်းမှ ဗိုလ်ကြီးကျော်ဇင်ဦးက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့သည်။

ယင်းနောက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် သြဂုတ်လ ၉ ရက်နေ့တွင် စတင် တရားစွဲဆိုခံလိုက်ရခြင်းဖြစ်သည်။

မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁)သည် ၂ နှစ်ထက်မနည်း၊ ၃ နှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ် ၂ ရပ်လုံးချမှတ်နိုင်သော ပုဒ်မဖြစ်သည်။

https://www.facebook.com/narinjara.info/posts/4792905864054786

Leave a Reply

Your email address will not be published.