တောင်ကုတ်တွင် သီတင်းကျွတ်ကာလ ဗျောက်အိုးနှင့် မီးရှူး၊ မီးပန်း၊ ရှူးဒိုင်းများပစ်ဖောက်ပါက အရေးယူမည်

သဥ္ဇာနွယ်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် သီတင်းကျွတ်ကာလအတွင်း ဗျောက်အိုးနှင့် မီးရှူး၊ မီးပန်း၊ ရှူးဒိုင်းများပစ်ဖောက်ပါက အရေးယူမည်ဟု ဒေသန္တရအမိန့်ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ကျရောက်မည့် သီတင်းကျွတ်ကာလနှင့် တန်ဆောင်မုန်းကာလတို့တွင် တောင်ကုတ်မြို့အပါအဝင် တောင်ကုတ်မြို့နယ် မအီမြို့၊ တန်းလွှဲရွာမမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် မီးပုံး၊ ဗျောက်အိုး၊ မီးအိုး၊ မီးရှူး၊ မီးပန်း၊ ပေသီးနှင့် ရှူးဒိုင်းများပစ်ဖောက်ခြင်း၊ ကောင်းကင်ပေါ်သို့လွှတ်တင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနှင့် လက်ဝယ်ထားရှိခြင်းတို့ကို မပြုလုပ်ကြရန် မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းထွေးကလက်မှတ်ရေးထိုးကာ အောက်တိုဘာလ ၈ ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

တားမြစ်ချက်အားကျူးလွန်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူခံရမည်ဟုလည်း ဆိုထားသည်။

တောင်ကုတ်ဒေသခံ ကိုသန့်ဇော်က “ခုခေတ်ကာလက သိပ်မကောင်းတော့ အဲ့လိုရှူးဒိုင်းဖောက်တာတို့က လူတွေကို အထိတ်တလန့်ဖြစ်စေတယ်။ တချို့လူငယ်တွေဆို သောက်စားမူးယစ်ပြီး ဗျောက်အိုးတို့၊ မီးရှူးတို့ဖောက်တာအကျယ်ကြီး။ ဒီလိုခေတ်မကောင်းတဲ့ကာလမှာ မဖောက်သင့်ဘူးလို့ထင်တယ်”ဟု ပြောသည်။

မီးဘေးအန္တရာယ်ဖြစ်ပေါ်စေမှု၊ ယာဉ်မတော်တဆထိခိုက်စေမှုနှင့် အများပြည်သူအထိတ်တလန့်ဖြစ်ပေါ်မှုမရှိစေရန်အတွက် ယခုကဲ့သို့တားမြစ်ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

https://www.facebook.com/narinjara.info/posts/4779154615429911

Leave a Reply

Your email address will not be published.