တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နှင့် ဆက်စပ်သူ ၁၀၀ ကျော်ကို လွှတ်ပေးသည့်အထဲတွင် AA မှ ၆၀ ကျော်ပါဝင်

By Development Media Group (DMG)/ 2021 October 15

ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့တွင်ကျရောက်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ငြိမ်းချမ်းရေးကို ရှေးရှုကာ နိုင်ငံတော်အတွင်းတရားရုံး အသီးသီးတွင် တရားစွဲဆိုထားဆဲဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များနှင့် ဆက်စပ်ပါဝင်သူ ၁၁၄ ဦးတို့အား အမှုပိတ်သိမ်းရန် စစ်ကောင်စီမှ ထုတ်ပြန်လိုက်သည်။

အမှုပိတ်သိမ်းပေးလိုက်သည့်အထဲတွင် ရက္ခိုင့်တပ်တော်(AA) မှ အဖွဲ့ဝင်နှင့် ဆက်စပ်သူ ၆၁ ဦးအပါအဝင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)မှ ၂၃ ဦး၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA(PC))မှ တစ်ဦး၊ မြန်မာအမျိုးသားဒီမိုကရစ်တစ်မဟာမိတ်တပ်မတော်(MNDAA )မှ တစ်ဦး၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)မှ ၁၂ ဦး၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)မှ ၅ ဦးနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)မှ ၁၁ ဦးတို့ ပါဝင်သည်။

အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဝင်များနှင့် ဆက်စပ်ပါဝင်သူများ အပေါ်စွဲဆိုထားသော ပြစ်မှုဆိုင်ရာ အားလုံးကို ပိတ်သိမ်း၍ တရားခံများအား အမှုမှလွှတ်ရမည်ဖြစ်ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။

အမှုပိတ်သိမ်းပေးသည့်အထဲတွင် ရက္ခိုင့်တပ်တော်(AA) မှ ၆၁ ဦး ပါဝင်ခြင်းနှင့်ပတ်သတ်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းအား ဆက်သွယ်မေးမြန်းရာတွင် အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သတ်ပြီး ၎င်းအနေဖြင့် မသိရှိသေးသည့်အတွက် ပြောဆို၍မရကြောင်း DMG ကိုပြောသည်။

တစ်ဖက်တွင် ရက္ခိုင့်တပ်တော်(ULA/AA)ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပြန်လည်ရုပ်သိမ်းပြီးနောက် ရခိုင်ကအကြမ်းဖက်မှုအချို့ကို စစ်ကောင်စီက ရုပ်သိမ်းပေးမှုများရှိလာနေသည်။

ရခိုင်ပြည်နယ်တွင် AA နှင့်ဆက်စပ်သည့်ဆိုသည့် သံသယဖြင့်ဖမ်းဆီးတရားစွဲဆိုခံထားရသူများထဲမှ မလွတ်မြောက်သေးသူ လက်ရှိတွင် ၁၆၀ ကျော်အထိကျန်ရှိနေသေးကြောင်း ဖမ်းဆီးခံရသူများစာရင်းများကို ကောက်ယူနေသည့်အဖွဲ့အစည်းများ၏စာရင်းအရသိရသည်။

https://www.facebook.com/dmgnewsagency/posts/2133456990140034

Leave a Reply

Your email address will not be published.