တိုက်ပွဲလည်းမရှိ၊ ပွင့်လင်းရာသီဘုရားဖူးကာလကိုလည်း ရောက်လာပြီဖြစ်သဖြင့် ဘုရားတောင် အချို့တွင်တပ်စွဲနေမှုကိုဖယ်ရှားပေးရန် ရခိုင်ဒေသခံများလိုလား

By Narinjara/ 2021 October 10

နောင်ခိုင်အောင်

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများရပ်တန့်နေပြီဖြစ်သလို များမကြာမီ ဝါကျွတ်ပြီး ပွင့်လင်းရာသီ ဘုရားဖူးကာလလည်း ရောက်ရှိလာပြီဖြစ်သဖြင့် ဘုရားများနှင့် ဘုရားတောင်ပေါ်အချို့တွင် စစ်တပ်မှ တပ်စွဲနေရာယူထားမှုကို အမြန်ဖယ်ရှားပေးရန် ဒေသခံရခိုင်ပြည်သူများက လိုလားနေကြသည်ဟု သတင်းရရှိသည်။

ဘုရားတောင်ပေါ်တွင် စစ်တပ်မှ တပ်စွဲထားမှုများရှိနေသည့်အတွက် ဘာသာရေးအရ အထွဋ်အမြတ် နေ့ဖြစ်သော ဝါကျွတ်လပြည့်နေ့ မတိုင်မီ သင်းကျစ်တော် စေတီတောင်ပေါ်သို့ တက်ရောက်ပြီး သန့်ရှင်းရေး လုပ်ဆောင်ရန် အခက်အခဲများရှိကြောင်း မြောက်ဦးမြို့နယ် သင်းကျစ်တော် ဘုရား ဂေါပကအဖွဲ့မှ အဖွဲ့ဝင် ဦးစိုးသိန်းအောင်က ပြောသည်။

“ တောင်ဘုရားမှာရှိနေတာက ပြီးခဲ့တဲ့နှစ်တွေက တိုက်ပွဲဖြစ်ကတည်းကနေ သူတို့က တစ်ခါမှ မဆင်းသေးဘူး။ ကျနော်တို့ဘက်ကလူတွေ အဲဒီ တောင်ပေါ်ကို တက်လို့မရဘူး။ ဟန့်တားပြီးမှ ပြန်ခိုင်းတယ်။ ဒီဘုရားက သမိုင်းဝင် သင်းကျစ်တော်ဓာတ်စေတီဖြစ်တယ်။ တစ်နယ်လုံးက ကိုးကွယ် နေတဲ့ ဘုရားလည်းဖြစ်တယ်။ အခုလို ဝါကျွတ်ကာလမှာ ဘုရားကို ဖူးခွင့်လည်းမရ။ ဝေယျာဝိစ္စလည်း လုပ်ခွင့်မရဖြစ်နေတယ်။ အခုလို အေးချမ်းနေတဲ့ အချိန်ကာလမှာ စစ်တပ်ကို အဲဒီတောင်ပေါ်ကနေ အမြန်ဆုံး ဖယ်ပေးစေချင်ပါတယ်” ဟု ပြောသည်။

မင်းပြားမြို့ရှိ သမိုင်းဝင်ကျိန်းတောင်တွင်လည်း တပ်စွဲထား၍ ဘုရား တက်ရောက် ဖူးမြော်ရန် အခက်အခဲ ရှိနေသည်ဟု မင်းပြားမြို့ခံတစ်ဦးက ပြောသည်။

“တပ်ကထိန်းချုပ်ထားလို့လေ။ ဘယ်သူမှ ကျိန်းတောင်ကို တက်ခွင့်မရဘူး။ ကျနော်တို့ကတော့ အဲဒီ တောင်အပေါ်ထိကို အေးဆေးတက်ပြီး ဘုရား ဖူးချင်တယ်။ အားလုံးသူကို ဘုရားဖူးခွင့်ရစေချင်တယ် ” ဟု ပြောသည်။

မင်းပြားမြို့မှ လာသော သတင်းများအရ ကျိန်းတောင်တွင် ဘုရားဖူးခွင့်ကို ဝါကျွတ်လပြည့်နေ့ တစ်ရက်ကို ခွင့်ပြုထားသည်ဟု သိရသည်။ မင်းပြား ကျိန်းတောင်တွင် စစ်တပ်က ဝင်ရောက် တပ်စွဲထားသဖြင့် ဘုရားဂေါပက အဖွဲ့ကိုလည်း ဖျက်သိမ်းထားသည်ဟု ၎င်းက ဆိုသည်။

အလားတူ မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ၊ အောင်မင်္ဂလာ တောင်ပေါ်တွင်လည်း စစ်တပ်က ပြီးခဲ့သည့် (၂)နှစ်ခန့်မှစတင် တပ်စွဲထားသည့်အတွက် ဘုရားဖူးရန် အခက်အခဲဖြစ်နေကြရသည်ဟု ပန်းမြောင်းကျေးရွာ နာရေးအသင်းမှ နယကအဖွဲ့ဝင် ဦးမောင်အောင်သိန်းက ပြောသည်။

“ အရင်ကဆို ခုလို အချိန်ဆို အောင်မင်္ဂလာ ဘုရားတောင်ကို တက်ပြီး သန့်ရှင်းရေးလုပ်တာတို့၊ စေတီကို ထုံးသုတ်တာ၊ ရွှေချတာတို့၊ မီးတွေ တပ်ဆင်တာတို့ လုပ်ကြတယ်လေ။ အခု စစ်တပ်ကအဲဒီ တောင်ပေါ်မှာ ရှိနေတော့ ကုသိုလ်ကောင်းမှု ပြုလုပ်ခွင့်မရတော့ဘူး။ တောင်ပေါ်မှာ တပ်မမှူးတောင် ရှိတယ်။ အဲဒီတောင်မှာ ဘုရားလည်းရှိတယ်။ စေတီလည်း ရှိတယ်။ အခုက တပ်ကာထားတော့ ဘယ်လို့မှသွားလို့ မရတော့ဘူး။ ဖြစ်နိုင်ရင်တော့ အားလုံး အဲဒီနေရာတွေက ဖယ်ပေးစေချင်ပါတယ်” ဟု ပြောသည်။

ယင်းကဲ့သို့ တပ်စွဲ၍ နေထိုင်နေသည်ကို ဘုရားတောင်၏ အောက်ခြေရင်းတွင် ရှိသည့် ဘုန်းတော်ကြီး ကျောင်းမှ ကျောင်းထိုင်ဆရာတော်လည်း ဟန့်တား၍ မရသလို ဘုရားတောင်ပေါ်တွင် ယင်းကဲ့သို့ တပ်စွဲနေသည်မှာ လုံးဝ မသင့်တော်ကြောင်း သူက ပြောသည်။

ကျောက်ဖြူမြို့နယ်၊ မလကျွန်းကျေးရွာအနီးရှိ ကင်းပွန်းတောင်တွင်လည်း စစ်တပ်မှ တပ်စွဲမှုရှိနေသည့် အတွက် ဘုရားဖူးများအနေဖြင့် စိတ်ချလုံခြုံစွာ သွားရောက်ဖူးမြော်ခွင့်မရဘဲဖြစ်နေသည်ဟု မလကျွန်း ကျေးရွာသား တစ်ဦးဖြစ်သူ ဦးစိုးလွင်က ပြောသည်။

“သူတို့ကတော့ ဘုရားပေါ်မှာတော့ မနေဘူးပေါ့။ ဒါပေမဲ့လည်း ဘုရားအနီးက ကင်းပွန်းတောင်မှာ ရှိနေတော့ စိုးရိမ်စိတ်တွေကရှိကြတာပေါ့နော်။ ကျနော်တို့ ကတော့ ကိုယ့်နေရာနဲ့ကိုယ် လွတ်လွတ် ကျွတ်ကျွတ်နေရတာတော့ ကောင်းတယ်ပေါ့နော်။ အခုက ဘုရားဖူးတွေလည်း မသွားရဲဘူး။ နွားကျောင်း သားတွေကလည်း မသွားရဲဘူး ဖြစ်တယ်ကြပါတယ်” ဟု ပြောသည်။

ကျောက်တော်တောင်ဘုရားတွင်လည်း စစ်တပ်က တပ်စွဲလျက်ရှိသည့်အတွက် ဘုရားတောင်ပေါ်တွင် အလှူအတန်းလုပ်ရသည်မှာ စိတ်မချမ်းမြေ့ဖွယ် ဖြစ်နေကြောင်း ဘုရားဂေါပကအဖွဲ့မှ ဦးကျော်ကျော်က ပြောသည်။

“ကျနော်တို့ဆီမှာတော့ ကိုဗစ်ကာလဆိုတော့ အရင်နဲ့ စာရင် ဘုရားဖူးကလည်း နည်းတယ်။ စစ်တပ်နဲ့ ရဲပူးပေါင်းအဖွဲ့က ဘုရားတောင်ပေါ်မှာရှိနေတော့ ဘယ်လိုမှ ဘုရားဖူးရတာ စိတ်မချမ်းသာဘူး။ စစ်တပ်က အနားမှာ ရှိနေတာဆိုတော့ ဘယ်လို့မှ စိတ်မချမ်းမြေ့ဘူး”ဟု ပြောသည်။

အဆိုပါဘုရားတောင်ပေါ်များတွင် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ စတင်ကာ နေရာယူထားခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် နယ်မြေအေးချမ်းပြီး တိုက်ပွဲများရပ်တန့်နေသည်မှာ ၁ နှစ်ခန့် ရှိနေပြီဖြစ်သော်လည်း အဆိုပါတပ်စွဲထားမှုများကို ဖယ်ရှားမှု မရှိသေး၍ ဒေသခံ ဘုရားဖူးပြည်သူများအနေဖြင့် လွတ်လပ် ငြိမ်းချမ်းစွာ ဘုရား ဝတ်ပြုနိုင်ခြင်း မရှိဖြစ်နေကြသည်ဟု သိရသည်။

ယခုကိစ္စများနှင့်ပတ်သက်ပြီး ဘုရားများပေါ်တွင် တပ်စွဲထားသော စစ်တပ်ကို ရုပ်သိမ်းရန် ရှိ/မရှိ သိရှိလိုသဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည် လက်ခံ ဖြေကြားခြင်းမရှိခဲ့ပါ။

https://www.facebook.com/narinjara.info/posts/4766789643333075

Leave a Reply

Your email address will not be published.