By Development Media Group (DMG)/ 2021 October 15
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စံကိုးတောင်ကျေးရွာတွင် တည်ရှိသည့် ရှေးဟောင်းသမိုင်းဝင် သုံးဆယ့်တစ်ဘုံဘုရားမှာ တိုက်ပွဲကာလအတွင်းက ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။
လက်ရှိမှာ အဆိုပါဘုရားတည်ရှိရာနေရာ၌ မြန်မာစစ်တပ်က တပ်စွဲနေထိုင်နေသည့်အတွက် ပျက်စီးနေသည့် ဗုဒ္ဓရုပ်ပွားတော်များ၊ သာသနိကအဆောက်အအုံအချို့ကို ပြုပြင်မွမ်းမံရန် အခက်အခဲဖြစ်နေကြောင်း ကျေးရွာသားများနှင့် သာသနာရေးဆောင်ရွက်နေသူများက ပြောသည်။
မြန်မာစစ်တပ်မှ ၂၀၁၉ ခုနှစ်ကတည်းက အဆိုပါဘုရားတွင် တပ်စွဲနေထိုင်နေခြင်းဖြစ်ပြီး လက်ရှိအချိန်ထိလည်း ရှိနေသေးသည်ဟု ဘူးသီးတောင်မြို့နယ် ရွှေကျင်ကျောင်းဆရာတော် ဦး နာယက မိန့်သည်။
“ဘုရားဆိုတာ တကာမရှိပဲထားတော့ ကြာလာရင် လေဒဏ်၊ မိုးဒဏ် သဘာဝဒဏ်အသီးသီးကြောင့် အကုန်လုံးပျက်စီးသွားမယ်။ အဲဒီလိုဖြစ်မှာကိုလည်း စိုးရိမ်တယ်။ စစ်သားတွေက တပ်စွဲနေထိုင်ကြတော့ ရွာသူရွာသားတွေလည်း မနေရဲကြဘူး။ အကုန်လုံးထွက်ပြေးကြတယ်။ ပြည်သူပြည်သားတွေတောင်မနေရဲဘူးဆိုရင် အဲဒီပျက်စီးသွားတဲ့ဗုဒ္ဓရုပ်ပွားတွေကို ဘယ်သူတွေက လုပ်ပေးမှာလဲ။ သူတို့ရှိနေသရွှေ့ ဘယ်တော့မှလုပ်ရတော့မှာ မဟုတ်ဘူး”ဟု ဆရာတော်ကမိန့်သည်။
သုံးဆယ့်တစ်ဘုံဘုရားတွင် တပ်စွဲနေထိုင်ခြင်းမပြုရန် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က လွှတ်တော်တွင်တင်ပြခြင်း၊ အစိုးရထံသို့ စာဖြင့် အကြိမ်ကြိမ်တင်ပြခဲ့တောင်းဆိုခဲ့သော်လည်း ပြည်သူ့၏တောင်းဆိုချက်ကို အလေးမထားပဲ အကြောင်းတစုံတရာမပြန်ခဲ့ကြောင်းလည်း ဆရာတော်က ဆက်၍မိန့်သည်။
၂၀၁၉ ခုနှစ် မတ်လအတွင်းက ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီးနောက် သုံးဆယ့်တစ်ဘုံဘုရားအနီးအနားမှ နွားရုံတောင်၊ ဥယျာဉ်သာ၊ အောင်ဇေယျ၊ ရှရှားပြင်၊ သရက်ပြင် စသည့်ကျေးရွာပေါင်း ၁၀ ရွာခန့်မှ ဒေသခံများမှာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်ဟု ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေကပြောသည်။
“အခုအနေအထားကို ဘယ်သူမှမသိဘူး။ အဲဒီနေရာကိုသွားပြီး ပြုပြင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ လူတွေသွားလို့မရတော့ ဘယ်လိုလုပ် ပြန်ပြင်ရတော့မှာလဲ“ဟု ဆိုသည်။
ထိုဒေသခံများမှာ လက်ရှိအချိန်ထိလည်း နီးစပ်ရာကျေးရွာများနှင့် စစ်ဘေးရှောင် စခန်းအသီးသီးတွင် နေထိုင်နေကြသည်။
ယင်းသို ့မြန်မာစစ်တပ်မှ တပ်စွဲနေထိုင်ခြင်းကို အမြန်ဆုံးဖယ်ရှားပေးရန်နှင့် သီတင်းကျွတ်လပြည့် အခါကြီးရက်ကြီးနေ့များတွင် ကုသိုလ်ကောင်းမှုလုပ်ခွင့်ရဖို့ကိုလည်း ဘူးသီးတောင်မြို့နယ် သာစည်ကျေးရွာမှ ဦးမောင်သိန်းလှက တောင်းဆိုသည်။
“အဲဒီမှာရှိတဲ့ စစ်သားတွေကို အမြန်ဆုံးထွက်ခွာပေးဖို့ကိုလည်း တောင်းဆိုချင်တယ်။ သီတင်းကျွတ် အခါကြီးရက်ကြီးမှာ ဘုရားဖူးခွင့်ရဖို့နဲ့ ဥပုဒ်သီလဆောက်တည်ခွင့်ရဖို့ကိုလည်း တောင်းဆိုချင်ပါတယ်“ ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် ဘူးသီးတောင်မြို့နယ် သုံးဆယ့်တစ်ဘုံဘုရား၊ မင်းပြားကျိန်းတောင်ဘုရား၊ ရွှေတောင်စေတီ၊ မြောက်ဦးမြို့နယ် သင်းကျစ်တော် စသည့် သမိုင်းဝင်ဘုရား၊ပုထိုးစေတီ များတွင် မြန်မာစစ်တပ်မှ အသီးသီးတပ်စွဲနေထိုင်နေကြောင်း ဒေသခံများကပြောသည်။
မင်းပြားမြို့ပေါ်က ကျိန်းတော်စေတီတွင် မြန်မာစစ်တပ်တပ်စွဲ ထားပြီး သီတင်းကျွတ်လပြည့်နေ့ ၁ ရက်သာ ဘုရားဖူးခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်းက သမိုင်းဝင်ဘုရားပုထိုးစေတီများတွင် မြန်မာစစ်တပ်က တပ်စွဲထားခြင်းမှာ ဂျနီဗာကွန်ဗင်းရှင်း (Geneva Convention)ကို ချိုးဖောက်ရာရောက်သည်ဟု ရက္ခိုင့်တပ်တော်(ULA/AA)မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကလည်း ပြောဆိုထားသည်။
https://www.facebook.com/dmgnewsagency/posts/2133557876796612